နောင်တဆိုတာ နောက်ကျမှသိရတာချည်းပါပဲ။ ကျမလည်းအဲဒီလိုပါပဲ ကျမဘဝအတွက် ပြန်ပြင်လို့မရတော့တဲ့ ကြီးမားတဲ့နောင်တကြီးကို ဘဝတစ်ခုလုံးရင်းပြီးရလိုက်တယ်၊
ကျမ အဖေနဲ့အမေဟာ ကျမ သုံးနှစ် သမီးလောက်ကတည်းက စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့ အတူတူမနေကြပါဘူး။ တရားဝင် ကွဲကွာထားခြင်းလည်းမရှိပါဘူး။ ဘယ်သူမှလည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ကြပါဘူး။ ဒီတော့ ကျမတို့ မောင်နှမ
အားလုံးဟာ အမေနဲ့ပဲအတူနေခဲ့ကြပါတယ်။ အမေ့ရဲ့ ကြီးမားတဲ့ မေတ္တာရိပ်အောက်မှာ အဖေကျမတို့နဲ့အတူရှိမနေခြင်းအတွက် အထူးတလည်ဘာမှ မခံစားခဲ့ရပါဘူး။ ပြီးတော့ အဖေနဲ့ကလည်းတစ်မြို့တည်းနေတာဆိုတော့ တွေ့ချင်ရင်သွားတွေ့လိုက်ရုံပဲ။ ဆိုတော့ ကျမတို့မောင်နှမတွေဟာ အမေ့ကိုပိုပြီးတွယ်တာခဲ့ပါတယ်။
ကျမ သုံး နှစ်အရွယ်ကတည်းက အမေနဲ့ပဲအတူနေခဲ့တော့ ကျမစိတ်ထဲမှာ အမေကလည်းအမေ၊
အဖေကလည်း အမေလို့ စိတ်ထဲမှာ အမြစ်တွယ်နေခဲ့တာအခုအချိန်ထိပါပဲ။ ကျမစိတ်အထင် ကျမနဲ့ ကျမထက်၂နှစ်ငယ်တဲ့မောင်လေးဟာ အဖေ့ကို အကြီးတွေ ၁၀ခါသွားတွေ့လို့မှ
တစ်ခါလိုက်မသွားခဲ့ပါဘူး။ ကျမစိတ်ထဲမှာ အမေရှိရင်ပြီးပြည့်စုံတယ်လို့ ယူဆထားလို့ပါ။
ကျမှငယ်စဉ်ကအဖေ့ကို အဖေလို့ ခေါ်ဖူးလား မခေါ်ဘူးလားဆိုတာလည်း မမှတ်မိပါဘူး။
ကျမဟာ အမေနဲ့ပဲ တစ်သက်လုံးအတူနေမယ်လို့ ငယ်စဉ်က ခဏခဏပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ အရွယ်ရောက်လာတော့ သဘာဝတရားကိုမလွန်ဆန်နိုင်လို့ အိမ်ကလူကြီးနဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ် လက်ထပ်ပြီးတော့ အမေ့ကိုမေ့ထားကာယောင်နောက်ဆံထုံးပါဆိုသလို့ လိုက်နေခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အမေ့ရင်ခွင်နဲ့ဝေးမှန်းမသိဝေးခဲ့ရပါတယ်။
ကလေး ၂ ယောက်ရသည်အထိကျမဟာ အမေ့ကို မေ့ထားဆဲပါပဲ။ ဒီလို့နဲ့ အမေနဲ့ နိုင်ငံခြားတဲ့ ဒီကျွန်းနိုင်ငံလေးကို ယောင်နောက်ဆံထုံးကပါခဲ့ရပြန်တယ်။
အမေက ပြန်ခဲ့စေချင်ပေမဲ့ ဘယ်တော့မှ "သမီးငယ်ရေ ပြန်ခဲ့အုန်း" လို့မပြောခဲ့ပါဘူး။
"သမီး အဆင်ပြေရင် ခဏလောက်အလည်လာခဲ့ပါကွယ် " လို့ဆန္ဒကို မြိုသိပ်ခဲ့တာချည်းပါပဲ။
ဒါကိုပဲ ကျမဆိုတဲ့ သမီးမိုက်က မသိတက်စွာနဲ့ပဲ အမေ့ဆီကို မပြန်ဖြစ်ခဲ့ပါဘူး။ အမေကလည်း နားလည်ပေးခဲ့ပါတယ်။အဲဒီအချိန်တုန်းက ကျမဟာငွေနောက်ကိုလိုက်ကာ အလုပ်တွေကိုမရပ်မနားပဲလုပ်နေခဲ့ပါတယ်။ အမေ့ကို ဖုန်းဆက်တာတို့ ငွေလေးနည်းနည်း
ပါးပါး ကန်တော့တာကလွဲရင် ဘာမှမလုပ်ပေးခဲ့ပါဘူး။
ဒီလို့နဲ့ အမေဟာ ၂၀၀၉ ခုနှစ်နိုဝင်ဘာ ၁၅ ရက်ကဗိုက်ထဲမှာ အလုံးတွေ့လို့ဆိုပြီးဆေး
ရုံတက်ပြီးခွဲစိတ်ကုသခဲ့ပါတယ်။ အဲဒီအချိန်ကျမ ကျမဟာ အမေ့ကိုတွေ့ချင်စိတ်တွေ အရမ်းကိုပြင်းပြခဲ့တယ်။ဒါနဲ့ကျမတို့မိသားတစ်စုလုံး ၂၀၀၉ နိုဝင်ဘာ ၂၇ ရက်မှာ အမေ့ဆီကို
ခွင့် တစ်လယူပြီး ပြန်ခဲ့ကြပါတယ်။ ကျမတို့ ပြန်ရောက်တဲ့အချိန်မှာ အမေဟာခွဲစိတ်ကုသမှု့အောင်မြင်လို့ထူထူထောင်ထောင် နဲ့ ဖြစ်နေပါပြီ။ အဲဒီတော့ ကျမလည်း တစ်လပဲ နေပြီးပြန်ခဲ့ပါတယ်။ အဲဒီလိုပြန်ခဲ့ခြင်းဟာကျမရဲ့ ကြီးမားတဲ့ ဒုတိယ အမှားပါပဲ။ ပထမ အမှားက ကျမဟာ အမေ့ကိုခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန် ကြီးနဲ့သွားမတွေ့ခဲ့လို့ပါပဲ။အဲဒီတော့ ရောဂါအခြေအနေကို ဂဃနဏ မသိခဲ့ပါဘူး။ ကျမလေ အမေ့ကို ရိုးရိုးအကျိတ် လို့ထင်ပြီး ဒီကိုပြန်လာခဲ့တယ်။
တကယ်တော့ အမေဟာ အဲဒီအချိန်ကတည်း သားအိမ်ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကို ခံစားနေရတယ်ဆိုတာ ကျမဟာ အချိန်လွန်မှသိခဲ့ရပါတယ်။တတိယ အမှားကတော့ ကျမရဲ့သားတွေကိုရှင်မပြုပဲ ပြန်ခဲ့လို့ပါပဲ။ အမေဟာ သူ့မြေးတွေကို သူရှိတုန်း ရှင်ပြုပေးစေချင်မှာပဲဆိုတဲ့အတွေးက အလွန်ကိုနောက်ကျသွားခဲ့ပါပြီ။
ကျမအထက်က အကိုတွေ အမတွေဟာ တော်တော့ကို ဟန်ဆောင်ကောင်းခဲ့ကြပါတယ်။
အဲဒီအချိန်ကတည်း ကျမသာမပေါ့ဆပဲဆရာဝန်နဲ့သွားတွေ့ခဲ့ရင် ဒီကိုမပြန်လာပဲ အမေ့ရဲ့နောက်ဆုံးအချိန်မှာ အမေ့နားမှာပဲ နေခဲ့မှာပါ။
ဒီလိုနဲ့ ဒီရောက်ပြီးသိပ်မကြာခင် ၂၀၁၀ မေလ ၁၄ရက်နေ့မှာ ကျမ ဦးလေးဖြစ်သူက အမေအသည်းအသန် ဖြစ်နေလို့ အမြန်ပြန်ခဲ့ပါ ။အသက်မှီချင်ရင် ချက်ချင်းပြန်ခဲ့ပါလို့ ဖုန်းဆက်တယ်။ အဲဒီအချိန်ကျမှအမေ့ရောဂါ အခြေအနေကို သိလိုက်ရတဲ့ အတွက် ကျမသိပ်ကိုခံစားခဲ့ရပါတယ်။ အမေဟာ သူ့နောက်ဆုံးအချိန်မှာတောင်ကျမစောင့်နေခဲ့တယ်။
ကျမလည်း မေလ 15ရက် နေ့မှာ Silk Air လေကြောင်းနဲ့ပြန်သွားခဲ့ပါတယ်။
အဲဒီနေ့ ညနေမှာပဲကျမရဲ့ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်းကို ရရာကားနဲ့လိုက်သွားခဲ့ပါတယ်။ အရမ်းကိုဝမ်းနည်း စရာကောင်းတဲ့အဖြစ်အပျက်ပါပဲ။ ကျမဟာအမေ့အသက်မှီအောင်ကို အနည်းကြိုးစားနေရပြီ။
(၁၆) ရက်မနက်အစောကြီးပဲ အမေဆီကိုရောက်ခဲ့ပါတယ်။
" အမေ သမီးအလည်လာတယ် အမေ့မြေး အငယ်လည်းပါတယ်လေ" လို့ပြောတော့
ယဲ့ယဲ့လေးပြုံး ပြရှာတယ်။ နောက်နေ့ မေလ ၁၇ရက်နေ့မှာ ကျမရဲ့အမေဟာ ဘာဆိုဘာမှ မသိတော့ဘဲ့  ရောဂါဝေဒနာကို ခံစားနေရရှာတယ်။ နောက်နေ့ မေလ ၁၈ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်မှာ ကျမရဲ့ ကျေးဇူးရှင် မွေးမိခင်ဟာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါတော့တယ်။ ကျမလိုမျိုးအဖြစ်ဆိုး ရင်နာစရာ နောင်တတွေနဲ့မကြုံရလေအောင် အမေရှိစဉ်က ပြုစုပါလုပ်ကြွေးပါ အမေ့ခံစားချက်ကို နားလည်အောင်ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်။
ဒါဟာ ကျမဘဝတစ်ခုလုံးနဲ့ရင်းပြီးမှ ရလိုက်တဲ့ နှောင်းနောင်တတွေပါ။
ကျမရင်ဖွင့်ခံစားချက်များကို ကိုယ်ချင်းစာနားလည် စွာဖြင့် ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။
ခင်မင်စွာဖြင့်
အညာမှ
ခရေညို