Tuesday, November 10, 2009

တစ်နှစ်တစ်ခါရောက်လို့လာပြန်

အားလုံး မင်္ဂလာပါရှင်။ အခုလို ခရေညိုရဲ့ မွေးနေ့ ကို ကြွရောက်ချီးမြင့် ကြတဲ့ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။ တကယ်မွေးနေ့ကတော့နိုဝင်ဘာ ၂၆ရက်ကြမှပါ။ အစကတော့ ဖိတ်စာနဲ့ဖိတ်မလို့ပါပဲ။
(အသက်ဘယ်လောက်ပြည့်လဲလို့မမေးနဲ့။ ပြောပြဘူး အသေသတ်လိုက်။ ဟိ……… )
ဒါပေမဲ့ မွေးနေ့မတိုင်ခင် တစ်ပတ်အလို ကတည်းက အလုပ်တွေ အရမ်းရှုပ်နေလို့ပါ။ မဖိတ်နိုင်တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်ရှင်။

ဘာဖြစ်လို့လည်း ဆိုတော့ နိုဝင်ဘာ ၂၆ ရက်နေ့ကျရင် အမိမြေကို မိသားစုနဲ့ အတူ အလည်ပြန်ကြမှာမို့ ခရေညို ရဲ့အလုပ်တွေကို ပြီးအောင်လို့နေရလို့ပါ။

ခွင့်ကတော့ တစ် လ တိတိပေါ့။ ပြန်ခါနီး ရင် မွေးနေ့ပွဲ မလုပ်ဖြစ်မှာဆိုး လို့ ကြို လုပ်ထားတာပါ။








ကိတ်မုန့်ကိုတော့ မီးမှုတ်ပြီးမှစားရမှာနော်။ ဟိ



ချစ်ကမ်းချော့ပါ။


ပီဇာကြိုက်တဲ့သူများအတွက်


မြန်မာ ထမင်း ဟင်းစားချင်တဲ့သူများအတွက်ပါ။

ရေခဲမုန့် ကြိုက်တဲ့သူတွေက တော့ရေခဲမုန့် သုံးဆောင်ကြပါ။




ကော်ဖီကြိုက်သူတွေပါ။



လိမ္မော်ရည် ကြိုက်သူများအတွက်။





စတော်ဘယ်ရီ ဖျော်ရည်ပါ ။








အသီးလေးလည်းသုံးဆောင်ကြပါအုန်း။ အရမ်းချိုတယ်သိလား?

အအီလည်းပြေပါတယ်။

မွေးနေ့ရောက်တိုင်း ခရေညို တွေးမိတာလေး တစ်ခုရှိပါတယ်။

သိတတ်တဲ့ အချိန်ကစပြီး နှစ်တိုင်းတွေးမိတဲ့အတွေးလေးပါ။


ဘာလိုလိုနဲ့ သေဖို့တစ် နှစ်နီးပြန်ပြီ ဆိုတဲ့အတွေးလေးပါ။




ခင်မင်စွာဖြင့်


အညာမှ


ခရေညို














Wednesday, November 4, 2009

မစောတင် (ဇာတ်သိမ်းပိုင်း)

တစ်နေ့ ရပ်ကွတ် ဥက္ကဋ္ဌ တို့ လင်မယား ကျုပ်အိမ်ကိုရောက်လာကြတယ် ။

"စောတင် ရေ စောတင်ရေ"

"ဥက္ကဋ္ဌ တို့လင်မယား ပါလား လာကြပါတော် ထိုင်ကြပါ ဒါနဲ့ဘာ အကြောင်းထူး ရှိလိုလဲ" ကျုပ်လည်း ဥက္ကဋ္ဌ ကတော် မခင်သန်းကို ကြည့်ပြီးမေး

လိုက်တယ်။

"အကြောင်းကတော့ ညည်းအတွက်ပဲ ဆိုပါတော့ "

"ဘာများလဲ မခင်သန်း ရယ်"

"ညည်းက အသက်လည်း ရှိသေးတယ် ရုပ်လည်းရှိသေးတယ် ညည်းနောက်အိမ်ထောင်ပြုလိုက် ပါလား?"

"တော်ပါပြီတော် ကိုသောင်းတုန်းကလဲ သူ့ကြည့်ရတာ ရိုးသလိုလိုနဲ့ ဖဲသမား ဖြစ်နေပါရောလား သူ့ကြောင့် ကျုပ်အမေလည်း သေခဲ့ရတယ် ။ ဒီအတိုင်းတစ်ယောက်ထဲနေတာပဲကောင်းပါတယ်။"

"ငါတို့က ညည်းကိုကောင်းစေချင်လို့ပါအေ။ ဟိုဘက်ရပ်ကွတ် က ကိုဘခင် ကိုညည်းသိတယ်မဟုတ်လား? ။ သူကညည်းကို လက်ထက်ချင်လို့တဲ့။

အဲဒါ ငါတို့ကို လာပြီး နားဖောက်ခိုင်းလိုက်လို့။ ငါတို့အနေနဲ.ကလည်း သင့်တော်မယ်

ထင်လို့ ညည်းကိုလာပြောရတာ။ ညည်းအတွက် ရပ်ကွတ်

ထဲက အမူးသမား တွေ အန္တာရာယ် ကလည်းကင်းတာပေါ့။

ပြီးတော့မတောင်းမတပဲလည်း နေနိုင်မှာ ။ ညည်းလည်း လင်မရှိတော့မသင့်တော်ဘူးလေ။ ညည်းစဉ်းစားပေါ့အေ အားလုံးကညည်းအတွက်ပဲ တစ်ယောက်ထဲနေတာဆိုတော့ လူတွေကအထင်သေး ချင်ကြတယ်အေ့။”

"ဟုတ်ကဲ့ပါ မခင်သန်းရယ် ကျုပ်စဉ်းစားလိုက်ပါအုန်းမယ်"

"အေး အေး အဲဒါဆိုရင် ငါတို့ပြန်အုန်းမယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

အဲဒီ ကိုဘခင်က အသက် ၆၀လောက်ရှိပြီ။ သူ့မိန်းမဆုံးတော့ ကျုပ်တောင် အသုဘ ပို့သွားသေးတယ် ။ အဲဒီတုန်းက ကျုပ်အသက်က ငယ်သေးတာ ။ ဆိုတော့ သူ့မိန်းမဆုံးတာ

၁၀နှစ် ကျော်ပြီထင်တယ်။ ဟုတ်တော့ဟုတ်ပါတယ်လေ ကိုဘခင်က အခြေနဲ့အနေအနေ နဲ့။

သူ့အိမ်ကြီးကလည်းအကြီး ကြီး ခြံကလည်း အကျယ်ကြီး ။ ပြီးတော့သူက ပင်စင်စားရှေ့နေကြီး။ သူ့မှာ သမီး နှစ် ယောက်ရှိတယ်။ အငယ်မကတော့အိမ်ထောင်နဲ့ သား၂ ယောက် သမီး ၁ ယောက်ရှိတယ်။ အကြီ:မတော့အပျိုကြီး ညီမက မွေးတဲ့ သားအကြီးကို အမွေစားအမွေ ခံမွေးစားထားတယ်။ သူတို့အားလုံးကလည်း အိုးခွဲပြီးနေကြတယ်။ ဆိုတော့ ကိုဘခင် သမီး ၂ ယောက်အဖေ၊ မြေး ၃ ယောက် အဖိုး လူပျိုကြီပေါ့။

ကိုဘခင့် သမီးတွေကလည်း ကျုပ်ထက်ငယ်လှ ၂နှစ် ၃ နှစ်ပေါ့။

တိုတိုပြောရရင် ကိုဘခင် နဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်။ သူ့ရက်ကွက် က လူ
ကြီး ကိုယ့်ရက်ကွက်က လူကြီး လေးတွေရယ် လူလေးနည်းနည်းပါးပါးရယ် ဘုန်းကြီး ၃ ပါးကို ပင့်ပြီး မင်္ဂလာ ဆွမ်းကြွေးလေးကို အကျဉ်းရုံး လုပ်လိုက်တယ်။ ပြီးတော့ ကျုပ်က ကိုဘခင် အိမ်ကိုလိုက်နေတယ်။ ကျုပ်အိမ်လေးကို ရောင်းဖို့ အိမ်ပွဲစားနဲ့ စကားပြောထားပြီးပြီ။ အိမ်လေးက ခနိုးခနဲ့ဆိုတော့ သိပ်ရမယ်မထင်ပါဘူး။

ရသလောက်ပေါ့။အဲဒီအချိန်တုန်းက ကျုပ်အသက်က ၄၀ ထဲမှာ။ ဆိုတော့ ကိုဘခင်က ကျုပ်ထက် အသက် ၂၀လောက်ကြီးတယ် ကျုပ်ကသူသမီးတွေထက် သုံးနှစ်လောက်ကြီးတယ်။

သူ့သမီး တွေကကျုပ်ကို "မမစော" လို့ခေါ်ကြတယ် သူတို့ကလည်း ကျုပ်ကိုချစ်ကြပါတယ်။

ဒိလိုနဲ့ ကိုဘခင် နဲ့ လိုက်နေတယ်။

ကိုဘခင်က ကျုပ်ကို ငါးမတ်သား ရွှေဆွဲကြိုး ရယ် ၊ တစ်မတ်သား လက်ကောက် ၃ ကွင်းရယ် ဆင်ပေးတယ်။ ပြီးတော့သူ့အရင်မိန်းမရဲ့ ချယ်နားကပ်ကိုလည်း ဆင်တယ်။ ကျုပ်ကဒါမျိုးတွေ မဝတ်ဘူးတော့ တစ်မျိုးကြီးပဲ။ ပြောရရင်တော့ ကျုပ်ကနောက်အိမ်ထောင် ပြုလိုက်တာ

လင်ကံကောင်းတယ် အိုဇာတာ ကောင်းတယ်ပေါ့။

ကိုဘခင်ကလည်း ကျုပ်အပေါ် ကောင်းရှာပါတယ်။ သူက ကျုပ်ကို "အစော" လို့က ခေါ်
တယ်။ ကျုပ်ကတော့ အစ်ကိုကြီ်းလိုဲ့ခေါ်တယ်။ သူ့အိမ် ရောက်ပြီး ဘာမှထွေထွေထူးထူး မလုပ်ရပါဘူး ။ ခြံထဲကအပင်တွေနဲ့ သူ့ပင်စင် လေးနဲ့ဆိုတော့ ကျုပ်တို့ နှစ် ယောက်အတွက် ဘာမှမလုပ်ပဲစားလို့ရတယ်။ ဒါပေမဲ့ ကျုပ်က အလုပ် လုပ်ချင်သား။ ဒီကြားထဲ ကျုပ်အိမ်လေးကို

ဝယ်သူက အကြိုက်တွေ့ပြီး ဝယ်သွားတယ်။ အဲဒီတော့ ကျုပ်လက်ထဲမှာ ငွေလေးတွေရှိတော့ တစ်ခုခုလုပ်ချင်လာတယ်။



"အစ်ကိုကြီ်း ရေ ကျမ အိမ်ရောင်းရတဲ့ ငွေတွေနဲ့ တစ်ခုခုလုပ်မလားလို့"

"အင်း ကောင်းသားပဲ လုပ်လေ ဘာလုပ်ချင်တာလညး လက်ကောက်လား? လက်စွပ်လား?

အစ်ကိုကြီး အသိ ပန်းတိမ်ဆရာတွေရှိတယ် လိုက်အပ်ပေးမယ်လေ။ ဒါမှမဟုတ် လုပ်ပြီး သားသွားဝယ်မလား အသိရွှေဆိုင်တွေရှိပါတယ် "

"အို မဟုတ်ပါဘူး အစ်ကိုကြီ်းရယ် ကျုပ်ပြောတာက အလုပ်လုပ်မယ်လို့ ပြောတာပါ"

" ဪ "

ဆိုပြီး ဘာမှမပြောပဲ စဉ်းစားနေတယ်...........


"ဘယ်လိုလဲ အစ်ကိုကြီး သဘောက"

"အစ်ကိုကြီး သဘောကတော့ ဘာမှမလုပ်စေချင်ဘူး အစော အတွက် ရွှေပဲ လုပ်ဝတ်ထားစေချင်တယ်။ အစ်ကိုကြီး အစောကို ဘာမှမလုပ်ပဲ ကြွေးနိုင်

ပါတယ် အစ်ကိုကြီးးက အစောကို စောင့်ရှောက်ချင်လို့ လက်ထက်ခဲ့တာ ခိုင်းချင်လို့မဟုတ်ဘူး"

"ဟုတ်ပါတယ် အစ်ကိုကြီး ရယ် ကျမ အစ်ကိုကြီး စေတနာတွေကို နားလည်ပါတယ်။

ဒါပေမဲ့ ဒီအတိုင်း ဘာမှမလုပ်ပဲ မနေတက်လို့ပါ။ပြီးတော့ ဘာမှမလုပ်ပဲနေရင် ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တယ်လေ ။ အစ်ကိုကြီး ပြောသလို ရွှေလည်းလုပ်ဝတ်ပါ့မယ်။

အလုပ်လည်း လုပ်ပါရစေ"

"အစောကဘာလုပ်မယ် စိတ်ကူးထားလို့လဲ?"

"အဲဒါ အစ်ကိုကြီိးု ပြောလေ ဘာလုပ်ရင် ကောင်းမလဲလို့"

" အင်း ဒါဆို အိမ်မှာပဲ လုပ်လို့ ရတဲ့ အိမ်ဈေးဆိုင်လေးဖွင့်ပါလား ။ ကုန်ခြောက်ဆိုင်ပေါ့။ ဘယ်လိုတုန်း သဘောကျရဲ့လား?

"ကောင်းတယ် ကောင်းတယ် အစ်ကိုကြီး ကို ကျမအရမ်း ကျေးဇူးတင်ပါတယ်။

"
ဒီလိုနဲ့ ကျုပ်လည်း အိမ်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ လက်ကောက် တစ်မတ်သားတစ်ကွင်း ထပ်လုပ်လိုက်တယ်။ ပြီးတော့အိမ်ဈေးဆိုင်လေး ဖွင့်လိုက်တယ်။ လိုတာကို အစ်ကိုကြီး ဆိုက်ပေးတယ်။မနက်မိုးလင်းရင် ချက်ပြုတ်ပြီး ဈေးဆိုင်လေးဖွင့်တယ်။ အိမ်ဆိုင်လေးဆိုတော့ ဖွင့်ထားရင်းနဲ့ ထမင်းစားတာတို့ ရေချိုးတာတို့ လုပ်နိုင်တယ်လေ။

အခုတလော အစ်ကိုကြီ:ကနေသိပ်မကောင်းလို့ ဆိုင်ကိုပိတ်ထားလိုက်တယ်။ သူ့ကိုအချိန်ပြည့် ပြုစုချင်လို့ သူကကျုပ်ယောက်ျား ဆိုပေမဲ့ ကျေးဇူးရှင်လို့လည်း ပြောလို့ရတယ်လေ။

သူနေမကောင်းနေတဲ့အချိန်တွေမှာ သူ့မြေးအငယ်ကောင် ကစားသောက်ဆိုင်ဖွင့်ထားတော့

စားစရာတွေကို မနက်တစ်ခေါက် ညတစ်ခေါက်လာပို့တယ်။ ကျုပ်လည်းဘာမှချက်စရာမလိုတော့ဘူးပေါ့။ ခြံထဲက သီးပင်စားပင်ကြီးတွေကိုလည်း

သူ့မြေးအငယ်ကောင်ကို ပေးလိုက်တယ် ။ သီးပင်စားပင်ဆိုတာ သရက်ပင် တို့၊ ပိန္နဲပင်တို့ ပေါ့အဲဒီအပင်တွေ တစ်နှစ် တစ်ခါငွေပေါ်တယ်လေ။

ဒီလိုနဲ့ ကိုဘခင် ရဲ့ကျန်းမာရေးကလည် တစ်နေ့ထက်တစ်နေ့ပို ဆိုးလာတယ်။ အသက်ကလည်း ကြီးပြီလေ။ ၈၄ နှစ်ရှိပြီ။ ကျုပ်လဲသူ့ကို အတတ်နိုင်ဆုံး ပြုစုပါတယ်။ ကျုပ်လေ သူ့သေသွားမှာအရမ်းကိုကြောက်တာပဲ။ တစ်ညမှာသူက ကျမစကားတွေပြောတယ်

"အစောရေအစောကို အစ်ကိုကြီးဆက်ပြီးစောင့်ရှောက်နိုင်မယ်မထင်တော့ဘူး အဲဒီတို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နော် အငယ်ကောင် သိန်းဇော် ကိုလည်း အစောကိုစောင့်ရှောက်ဖို့ မှာထားတယ်"

"အစ်ကိုကြီးကလည်း ဘာတွေပြောနေတာလဲ? အစ်ကိုကြီး ဘာမှမဖြစ်နိုင်ပါဘူး"

ပြောသာပြောရတာ ကိုဘခင်က အစာမဝင်တာ တစ်ပတ်လောက်ရှိသွားပြီ။

ဆေးတွေနဲ့ပဲ အသက်ဆက်နေရတယ်။ ဆေးဖိုးဆိုတာလည်းကုန်လိုက်တာ။ ကျုပ်ကတော့

မနှမြော ပါဘူး။ သူဘာမှမဖြစ်ရင်ပဲ ကျေနပ်ပါတယ်။ အဲဒီညကသူနဲ့ ကျုပ်နဲ့စကားပြောရတာ နောက်ဆုံးည ဖြစ်လိမ်.မယ်လို့ကြိုသိ ခဲ့ရင် ကျုပ်လေ အဲဒီည အိပ်မှာမဟုတ်ပါဘူး။

မနက်လင်းတော့ ကိုဘခင်ကို သွားကြည့်လိုက်တော့ အသက်မရှိတော့ဘူး။

ဘယ်အချိန်ထဲကသူ အသက်မရှိတယ်ဆိုတာတော့ ကျုပ်လည်းမသိလိုက်ပါဘူး။

ကိုဘခင်ဆုံးတော့ ကျုပ်လည်း နှစထပ်ကွမ်း မုဆိုးမ ဖြစ်တော့တာပေါ့။ ကိုဘခင်ဆုံးတော့ ကျုပ်အသက်က ၆၄ ၊ ၆၅ပေါ့။

ကိုဘခင်မသေခင်ကတည်းက အမွေတွေအားလုံးသူ့မြေး သိန်းဇော်နာမည်လွဲထားခဲ့ပြီးသား။ စာချုပ်ထဲမှာက ကျုပ်မသေမချင်းဒီမှာနေနိုင်တယ်။ ခြံထဲကသီးပင်တွေ ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ လက်ဝတ်လက်စားတွေကတော့ ကျုပ်ဘာပဲသုံးသုံးသုံးခွင့်ရှိတယ် ကျုပ်သဘောပဲ။ အိမ်နဲ့ခြံကတော့ ကျုပ်သေရင်တော့ သူ့မြေးရမှာ။ကျုပ်အသက်ရှိ နေတုန်းသူ့မြေးအနေနဲ့ ဘာမှလုပ်ခွင့်မရှိဘူး။ ချွင်းချက် အနေနဲ့ကကျုပ်သဘောတူရင်တော့ လုပ်လို့ရတယ်။ ကျုပ်လည်း အဲဒီစာချုပ် ကိုသဘောတူလို့ လက်မှတ်ထိုးပေးခဲ့တယ်။ ကျုပ်မှာက သားသမီးနောက်ခံမရှိ ဆွေမရှိ မျိုးမရှိမဟုတ်လား။ ကျုပ်အတွက်လည်းဘာမှ မလိုအပ်ဘူးလေ။နေစရာရှိရင် ရပြီ။

ကိုဘခင်ဆုံးပြီး တစ်လကျော်ကျော်ကြာတော့ သူ့မြေးအငယ်ကောင်က ကျုပ်ကိုဘာမှ မထောက်ပံ့ကြတော့ဘူး။အဲဒီတော့ ကျုပ်ကဆိုင်လေးပြန်ဖွင့်တာပေါ့။ ဆိုင်ဖွင့်ပြီး တစ်ပတ်လောက်ကြာတိုယ့် ကိုဘခင် မြေးအငယ်ကောင် တို့လင်မယားယောက် လာ

ကြတယ်။


"အမေကြီးစော နေကောင်းလား? ဆိုင်ပြန်ရောင်းနေတာလား"

"နေကောင်းပါတယ် "

"ဆိုင်ကကောင်လေးတွေကို ဆန်တို့ဆီတို့ပို့ခိုင်းနေတာပဲ ဘာဖြစ်လို့ဆိုင်ပြန်ဖွင့်ရတာလဲ အမေကြီးစောရယ်"

"ဟင် မင်းတို့မသိဘူးလား မင်းဆိုင်ကကောင်လေးတွေ မလာတာကြာပေါ့ ဒါကြောင့် ငါဈေးပြန်ရောင်း ရတာ"

"ဟာ ဟုတ်လား ကျွန်တော်မသိဘူး ကျွန်တော်တို့ လင်မယားကအလုပ်ရှုပ်တော့ သူတို့နဲ့ပဲလွဲထား လိုက်တာ တောက်…ဒီကောင်တွေကွာ"

"အေးပါ မင်းမသိလို့ဖြစ်မယ်လို့ထင်တော့ထင်သား"

"အဖေကြီးကို ပေးထားတဲ့ ဂတိမတည်သလိုဖြစ်နေပြီ။ အေးမြ ညည်းကရောမသိဘူးလား"

သူ့မိန်းမက

"ကျမ မသိလို့ပေါ့ သိရင်ဘယ် ဒီလိုဖြစ်ပါ့မလဲ ကိုသိန်းဇော်ရယ် ဒီလိုလုပ်ပါလား အမေကြီးစောကို ကျမတို့နဲ့ အတူလာနေခိုင်းလိုက်ပါလား?တော်ကြာ တမလွန်က အဖေကြီး သူ့မိန်းမကို ဂရုမစိုက် ဘူးဆိုပြီး စိတ်မ ဖြောင့်ပဲနေအုန်းမယ် ကျမတို့ကလဲ ဆိုင်နဲ့ဆိုတော့ နေ့တိုင်းလာ

ဖြစ်မှာမဟုတ်ဘူး ။ မကောင်းဘူးလား ကိုသိန်းဇော်"

"အင်း ကောင်းတယ် ကောင်းတယ် အမေကြီးစော ကျွန်တော်တို့နဲ့ လိုက်နေပါနော်။ "

ဆိုပြီး ကျုပ်ကိုမေးတယ်။ သူတို့လင်မယား နှစ်ယောက် အပြောချိုချိုနဲ့ ပြောနေကြတော့ ကျုပ်လည်းအဟုတ်မှတ်လို့ လိုက်နေလိုက်တယ်။ သူတို့ဆီရောက်တော့ ဆိုင်ကအလုပ်သမားလေးတွေရော သူတော့လင်မယားကပါ ဂရုစိုက်လိုက်ကြတာကို

ဟိုလူကလဲ "အမေကြီစော ဒီလူကလဲ အမေကြီးစော"နဲ့

တစ်နေ့တော့ အေးမြက ကျုပ်လက်ဝတ် လက်စားတွေကို လာငှါးတယ်။ အလှူသွားချင်လို့တဲ့။ ကျုပ်လည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ ငှါးပေးလိုက်တယ် အဲဒီအချိန်ကတည်းကပြန်မလာတော့တာပဲ။ နှစ်လကျော်တဲ့အထိ ပြန်မလာတော့ ကျုပ်လဲ


"သိန်းဇော်ရေ မင်းမိန်းမ အေးမြက ဘယ်ရွာက အလှူသွားလို့ ဒီလောက်တောင်ကြာနေရတာလဲ? ငါ့အထင် နှစ်လကျော်ပြီထင်တယ်"

"ဟုတ်တယ် အမေကြီးစောရေ ကျွန်တော်က အမေကြီးစော စိတ်ဆင်းရဲမှာစိုးလို့ အဲဒီကောင်မအကြောင်းမပြောပြတာ"

" ဘာဖြစ်လို့လဲ"

"အဲဒီကောင်မ နောက်လင်နောက် လိုက်သွားတာ အမေကြီးစော ရေ"

" ဟင် ဒါဆို ငါ့လက်ဝတ်လက်စားလေးတွေ ပြန်မရတော့ဘူးပေါ့ သူငါ့ဆီကနေ အလှူသွားချင်လို့ဆိုပြီးငှါးသွားတာ"

"ဟာ အမေကြီးစောရယ် ဘာလို့ငှါးလိုက်တာလဲ သူ့မှာလဲရှိရက်သားနဲ့ အဲဒါ သူလိုချင်လို့။ ပြီးတော့ ကျွန်တော်တို့ ငွေတွေရော၊

လက်ဝတ်လက်စားတွေရော အကုန်ယူသွားတာ ဗျ"

"မိုက်လုံးကြီးလိုက်တာကွယ်"

"အခုကျွန်တော် မှာအကြွေးရှင်တွည်ဝိုင်းနေပြီ။ သူတို့ကမဆပ်ရင် ရဲတိုင်တောမယ်.့ တဲ.။ ကျွန်တော် တော့ ထောင်ကျတော့မယ်ထင်တယ်။ အကြွေး

ဆပ်မဲ့ပိုက်ဆံတွေ ကောင်မက အကုန်လုံး မ သွားတာ "

"ဟင် ဒါဆိုဘယ်လိုလုပ်မလဲ?"

"အဲဒီ အမေကြီးစောကို အကူအညီတောင်း ချင်လို့"

"ဟဲ့ ငါကဘာကူညီနိုင်မှာလဲ ? ငါ့ ဟာတွေလည်း နင့်မိန်းမ ယူသွားလို့ကုန်ပြီလေ

ငါ့မှာဘာပိုက်ဆံမ မရှိတော့ဘူး။

ဒါနဲ့နင့်အကြွေးကဘယ်လောက်တုန်း"

"သိန်း ၃၀"

"အမလေး ဘုရား ဘုရားဘယ်လိုလုပ်မလဲ"

"ဟို အဖေကြီးအမွေပေးခဲ့တဲ့ ခြံနဲ့အိမ်နဲ့ရောင်းလိုက်ရင် သိန်း ၃၀ တော့ကျော်မှာပဲ။ အဲဒါအမေကြီးစောက သဘောတူမှရောင်းလို့ရမှာ။

ကျွန်တော့ကို ကူညီပါအုန်း။ အမေကြီးစော မှမကယ်ရင် ကျွန်တော် ထောင်ကျမှာ"

"အေးပါကွယ် ငါလက်မှတ်ထိုးပေးပါမယ် ။ ငါ့အတွက်ကနေစရာရှိရင်ရပါတယ်"

ဒီလိုနဲ့ပဲ ကိုဘခင်ရဲ့ ခြံနဲ့အိမ်ကို ရောင်းလိုက်တယ်။ သိန်း ၃၂ သိန်း ရတယ်။ ကျုပ်ကို လှူချင်တာလှူရအောင်ဆိုပြီး ၃ သောင်းလာပေးတယ်။ ရောင်းပြီးတဲ့ညမှာ ပဲ ကျုပ်တရေးနိုးအပေါ့အပါးသွားချင်လို့ အိမ်သာသွားတော့ စကား'ပြောသံတွေကြားတာနဲ့ သွားကြည့်လိုက်တော့ သိန်းဇော် တို့အခန်းက။ ခါတိုင်းဆို သိန်းဇော်က တစ်ယောက်ထဲအိပ်တာ ။ ဒီညကြမှ ထူးဆန်းလို့သွားနာ့းထောင်ကြည့်လိုက်တော့မှ အကြောင်းစုံ သိရတယ်။

သူတို့ လင်မယားက ကျုပ်ရဲ့ပစ္စည်း တွေလိုချင်လို့ လက်ဝါးခြင်း ရိုက်ပြီး မိန်းမကို ရှောင်ခိုင်ထားတာ။ ပြီးတော့ဘာအကြွေးမှလဲ မရှိဘူး။

ကျုပ်ကလဲ အယုံလွယ်တာကို။ သူတို့ကလည်း စကားကိုချိုချိုနဲ့ဆိုတော့ ယုံမိတာပေါ့။ မနက်မိုးလင်းအောင်မနည်းစောင့်လိုက်ရတယ်။ အိပ်လို့လည်းမရတော့ပါဘူး။ ကျုပ်ကံကိုက ဆိုးလွန်းပါတယ်။ကျုပ်လည်းမနက်မိုးလင်းတော့ သူတော့နိုးအောင် မစောင့်တော့ဘဲ ထွက်လာခဲ့တယ်။

ကိုယ်သေရင် ပစ္စည်း ဆိုတာဘာမှ ယူလို့ရမှာမဟုတ်ဘူး။
အဲဒီတော့ ကိုယ့်နောက်ပါတာလုပ်ရ မယ်ဆိုတယ် အသိတရားတွေရလာတယ်။ သူတို့ကိုလည်း

မုဒိတာပွါးနေလိုက်တယ် ။ ကိုယ်လုပ်တာ ကိုယ်ခံရမှာပဲလေ။ ကျုပ်လည်း အရင်ဘဝ ဝဋ်ကြွေးတွေပါလာလို့ ဒီဘဝမှာဒီလို အဖြစ်အပျက်တွေ နဲ့ကြုံရတာလေ။ ဒီဝဋ်ကြွေး တွေကိုဒီဘဝမှာပဲ အကြေဆပ်မယ်။ ပြီးတော့နောက်ဘဝအတွက် ပြင်ဆင်ရမယ်လို့ တွေးမိလာတယ်။ ဒါနဲ့ ပါလာတဲ့ ချယ်နားကပ် လေးကိုရောင်း ပြီး မယ်သီလရင် ကျောင်း ၁ ကျောင်းကိုသွားပြီး လှူလိုက် ပြီးတော ကျုပ်လဲ သိလရင် ဝတ်လိုက်တယ်။

နောက်ဘဝမှာ ဒီလိုမျိုးတွေမကြုံ၇အောင်လို့ပြင်ဆင်ရမယ်။

ကျုပ်ရဲ့ ဘွဲ့ က "စန္ဒိမာလာ "တဲ့..........။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Monday, November 2, 2009

မစောတင်

ကျုပ်နာမည်က စောတင်။ ခင်တဲ့သူတွေကတော့ အစော ၊ မစော ရယ်လို့ခေါ်ကြတယ်။

ကျုပ် က အမေနဲ့ အတူနေတယ်။ အဖေကတော့ ကျုပ်ငယ်ငယ် ကတည်းက ငှက်ဖျားရောဂါနဲ့ဆုံးသွားပြီတဲ့။ အမေပြောတာပဲ ကျုပ်တော့ မြင်ဘူးလိုက်ပေါင်။

ကျုပ်က ရာသီပေါ် အသီးအနှံတို့ ၊ ဟင်းသီးဟင်းရွက် တို့ ကိုရက်ကွတ် တွေလှည့် ရောင်းတယ်။ ခေါင်းရွတ် ဈေးသည်ပေါ့။ အဲဒီလိုရောင်းတာ အရင်းအနှီးသိပ်မဆိုက် ရဘူးလေ။တစ်ခါတစ်လေ အမေနေမကောင်းလို့ ဆေးဝယ်တာတို့ အဟာရဖြစ်မဲ့အစာကောင်းလေးတွေ ဝယ် ကျွေးလိုက် ရင် အရင်:ရောအမြတ်ရောပြောင်ရောပဲ။

အဲဒီအခါကျရင် ခေါက်ပြန်ပေးယူရောင်းရတာပေါ့။
ခေါက်ပြန်ပေးဆိုတာ ကုန်ကို ပိုက်ဆံမပေးပဲ ယူရောင်းတာ ရောင်းလို့ကုန်ပြီဆိုမှပိုက်ဆံပေးတာ ကိုပြောတာ။ အရင်းအနှီးက သိပ်များများစားစားမ ဟုတ်တော့ကုန်ဒိုင်တွေက လည်ပေးကြပါတယ်။ ဈေးလျှောက်ရောင်းရတာ က သားအမိ နှစ်ယောက်ထမင်းတော့မ ငတ်ဘူးပေါ့။

ဈေးရောင်းပြန်ရင် ဆန်လေး နို့ဆီဘူး လေး ဘူးလောက်ဝယ်လာ ခဲ့ တယ် ဟင်းကတော့ ကျန်

တဲ့ အသီးအရွက် လေးတွေ ကို ဆီလေး မျက်ရည်ပေါက်လောက် ထည့်ပြီး ကြော်/ပြုတ် စားလိုက်တယ်။ တစ်ခါတစ်လေတော့ ကြက်ဥလေး၊ငါးလေး ချက်တယ်။ ဒီလိုပဲ ဈေးရောင်းပြီး စားကြရတာ ။

ကျုပ်ကဈေး ရောင်းပြန်ရင် လမ်းထိပ်ကဆိုက်ကား ဂိတ်က ဖြတ်ပြန်လေ့ရှိတယ်

ဆိုက်ကားတော့ မစီးနိုင်ဘူးပေါ့။ အခုခေတ် က ဟိုနားဒီနား ဆိုက်ကားစီးရင် အောက်ထစ် ၃၀၀ လောက်ပေးရတယ်။ ကျုပ်လည်း ဘယ်တော့မှ မစီးဘူး။



တစ်နေ့တော့
ကျုပ် တစ်ခြားရက်ကွပ်က ဈေးရောင်းပြန်တော့ ဆိုက်ကား သမားတစ်ယောက် ဆိုက်ကားကိုတွန်းပြီး လိုက်လာတယ်။



"မစော မစော"

ကျုပ်လည်းမကြည့်ပဲနဲ့



"ဆိုက်ကား မစီးနိုင်ပါဘူး" လို့ပြန်ဖြေလိုက်တယ်။ ပြီးမှကြည့်လိုက်တော့



"ဪ ကိုသောင်း ပါလား ကျုပ်ဆိုက်ကားမစီးသေးပါဘူး။ ရှင်ကလည်း ကျုပ်ဘယ်တုန်းကမှ ဆိုက်ကားမစီးတာသိရက်နဲ့"



"ဆိုက်ကားစီးမလားလို့ မေးမှာမဟုတ်ပါဘူး ကျွန်တော်လည်း မစောတို့ လမ်းဖက်သွားစရာလေးရှိလို့ လမ်းကြုံလိုက်ခဲ့ပါလို့ ပြောမလို့"


ထူးတော့ထူးဆန်းသား လူ့အားဆိုက်ထုတ်ပြီး နင်းရမှာကို လမ်းကြုံလိုက်ခဲ့ပါလားတဲ့။ အင်း ... သူလည်း ပိုက်ဆံလိုချင်လို့နေမှာ။ ဧကန်န အုံနာခ မရသေးဘူးထင်တယ်။



"မစော ဘာတွေစဉ်းစားနေတာလည်း လာပါလိုက်ခဲ့ပါ "



"ဪ... အင်း ... တော်ပါပြီတော် မလိုက်တော့ပါဘူး "



"လာပါ လမ်းကြုံလို့ပါ ပိုက်ဆံမယူပါဘူး လာပါ တက်"

ကျုပ်လည် ဈေးလျှောက်ရောင်းရတာ ညောင်းနေပြီ သူကလည်း ဇွတ်ခေါ်နေတော့ ဟန်မဆောင်နိုင်ပဲ လိုက်ခဲ့တယ်။နောက်နေ့တွေ ကျတော့လည်းဒီလိုပဲ လမ်းကြုံလို့ခေါ်ပြန်တယ် သူသွားစရာရှိတာက ကျုပ်ဈေးရောင်းပြန်တဲ့ အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် တော်။

ကိုသောင်း က အပြောကလည်းကောင်း ၊ အရက်ကလည်းမသောက် ဆိုတော့ စိတ်ကူးတောင် ယဉ်မိသေး ကျုပ်ကိုကြိုက်နေလို့လား ? ဘာလား ညာလားပေါ့။ နောက်နေ့သူက လမ်းကြုံ ခေါ်တော့ ကျုပ်လည်း သိချင်စိတ်ကို မြိုသိပ်မထားနိုင်တော့တာနဲ့ ပဲ



"ရှင်က ကျုပ်တို့လမ်းဖက်ကို နေ့တိုင်း ဘာလာလုပ်တာလဲ? ကျုပ်လည်း နေ့တိုင်း

လမ်းကြုံလိုက်နေရ တာ အားနာလှပြီ"



"ဪ မစော ရယ် ရိုးလိုက်တာ တကယ်မသိဘူးလား? "


ကျုပ်တော့ နည်းနည်းတော့ ရိပ်မိသား ဒါပေမဲ့ မသိချင်ယောင်ဆောင် နေလိုက်တယ်



" ဘယ်လိုလုပ်သိမှာလဲ ရှင့်စိတ်ထဲမှာရှိတဲ့ဟာကို ကျုပ်မှဗေဒင်မ တွတ်တက်တာ"



"ကဲပါ မစောရယ် မထူးတော့ပါဘူး တကယ်တော့ ငါနင့်ကို ယူချင်လို့ဟ"


သူက ဒဲ့ဒိုးကြီးပြောတော့ နည်းနည်းတော့ ရှက်တာပေါ့ ဒါပေမဲ့ သူ့ကို ကြိုက်သလိုလိုတော့ရှိသား ။

ဒီလိုနဲ့ပဲ သူနဲ့ယူလိုက်တယ် ဆိုကြပါစို့ ။ ယူပြီး တစ်လ နှစ်လ လောက်နေတော့ သူ့ဗီဇကပေါ်လာပြီ။ သူကအရက် တာမသောက်တာ ဖဲသမားတော့ဖဲသမား ။ ဖဲသမားဆိုတာကလည်း မစားရရင် နေလို့ရတယ် ဒါပေမဲ့ ဖဲမရိုက်ရ ရင်မနေနိုင်ကြဘူး။ ဖဲရိုက်တယ်ဆိုတာကလည်း ကွယ်ရာမှာ ရိုက်တော့

ကျုပ်လည်းဘယ်သိမလဲ? သူဆိုက်ကား နင်းတာကလည်း အုန်နာ ဖိုးပေးရတာနဲ့ ဖဲရိုက် ဖို့တောင် အနိုင်နိုင်ရယ်။ အဲဒီတော့ ကျုပ်က လင်ယူပြီးထမင်းကျွေးရတာပေါ့။

ဘာတတ်နိုင်ပါ့မလဲ ကျုပ်ကံပေါ့။



တစ်နေ့တော့ ကိုသောင်း ရေးကြီးသုတ်ပြာနဲ့



"မစောရေ မစော "



"ဘာလဲ ကိုသောင်း ရယ် ရင်ထိတ်လိုက်တာ ကျုပ်ကမီးဖိုထဲမှာ အမေ နေသိပ်မကောင်းလို့ ဆန်ပြုတ် ပြုတ်နေတယ်"

သူကမီးဖိုထဲ အပြေးဝင်လာတယ်



"ဘာလဲကိုသောင်း ဘာဖြစ်လို့လဲ"



"ဟိုလေ နင့်အမေ နားကပ်လေး ခဏလောက်ငါ့ကို တောင်းပေးပါလား? ညနေကျရင် ငါပြန်ပေးပါ့မယ်"



"ဟင် ဘာလုပ်ဖို့လဲ? ရှင်ကလည်းရှင့် ပစ္စည်းကျနေတာပဲ ကျုပ်အမေကသူ့ရဲ့နားကပ် လေးကို

သိပ်မြတ်နိုးတာ အဖေ့ရဲ့ တစ်ခုတည်းသောလက်ဆောင်မို့ ။ တောင်းမပေးနိုင်ပါဘူး တောင်းရင်လည်း

အမေက ပေးမှာမဟုတ်ဘူး"



"အေးပါဟာ ဒါဆိုလည်း ပြီးတာပဲ"


လို့ပြောပြီး ထွက်သွားတယ်။ ကျုပ်မှာဖြင့် အမေကြားသွားသလား ဆိုပြီးသွားကြည့်တော့ တော်သေးတယ် အမေကအိပ်နေလို့။ ကိုသောင်း ရဲ့ ကောင်းတဲ့အကျင့်က ဘယ်တော့မှဆူဆူပူပူမလုပ်ဘူး ။ အရက်မူးပြီး ရိုက်တာလည်းမရှိခဲ့ဘူး သူကအရက်မှမသောက်တာကို။ အဲဒီ
ညက သူအတော်လေး မိုးချုပ်မှပြန်လာတယ်။

နောက်နေ့မနက်ကျတော့ အမေ့နားမှာ နားကပ်မရှိတော့ဘူး ကျုပ်သိလိုက်ပါပြီ ကိုသောင်း

လက်ချက်ပဲဆိုတာ သူဘယ်လိုယူသွားတယ်ဆိုတာတော့ ကျုပ်လည်းမသိဘူး အမေ့ကိုလည်းမ မေးရက်ခဲ့ဘူး ။ နောက်ပြန်ပေးနိုင်မှပဲ မေးတော့မယ်ဆို နေလိုက်တယ်။ အမေ့ကိုကြည့် တော့ မျက်နှာကသိပ်မသာယာဘူး ။ ကိုသောင်းလည်း အဲဒီ နေ့ ကစပြီးပြန်ကိုမလာတော့ဘူး။ သူပြန်လာရင်လဲကျုပ်ကမပေါင်းတော့ဘူးလို့ ဆုံးဖြတ်ပြီးသား။ အမေလည်း တရှောင်ရှောင် ဖြစ်လာတယ် ကျုပ်စိတ်အထင် တော့သူနားကပ် လေးကို စိတ်စွဲတယ် ထင်တာပါပဲ ။ပိုပြီးချူချာ လာတယ်။ အစားတောင်မဝင်တော့ဘူး။ အမေက အသက်ကလည်းကြီးပြီ၊ အဟာရဖြစ်စေမည့် အစာတွေကလည်းမ ကျွေးနိုင် နောက်

ဆုံးတော့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားရှာတယ်။

အမေဆုံးပြီး ၁ လလောက်ကြာတော့ ကိုသောင်း ဆုံးပြီစိုတဲ့ သတင်း ရောက်လာတယ်။

ဖဲကြွေးမဆပ်နိုင်လို့ ဝိုင်းရိုက်ခံရတာတဲ့ ကျုပ်လည်း အတိအကျ မသိဘာဘူး ။ကိုသောင်းဆုံးပြီ ဆိုတော့ ကျုပ်လည်းအော်တိုမတစ် မုဆိုးမဖြစ်ပြီပေါ့။ အဲဒီအချိန်တုန်းက ကျမအသက် ၃၅နှစ်ဝန်းကျင်။ကိုသောင်းနဲ့က ကလေးလည်းမရပါဘူး။ အဲတော့ ကျုပ်၁ ယောက်ထဲနေတာပေါ့။ ကိုသောင်းရှိတုန်းက ဘယ်သူကမှလာပြီး မစရဲပါဘူး။ အခုတော့ မုဆိုးမဆိုတော့ ရက်ကွပ် ထဲက ကောင်တွေက ရိတိတိလုပ်ချင်ကြတယ်။ ပြီးတော့

ကျုပ်က တစ် ယောက်ထဲနေတာဆိုတော့ သတိ တော့ အမြဲထားရတာပေါ့။



ဆက်ပါအုန်းမည်။


ခင်မင်စွာဖြင့်


အညာမှ


ခရေညို