Showing posts with label ဘဝသင်ခန်းစာ. Show all posts
Showing posts with label ဘဝသင်ခန်းစာ. Show all posts

Wednesday, September 29, 2010

အတိုက်အခိုက်

အတိုက်အခိုက်ဆိုတာလူတိုင်းမှာရှိကြတာပဲလေနော့ ။ ကိုယ်ကမှန်မှန် နေပါလျက် ကိုယ့်ကို ပေါ်တင်ကြီး သိသိသာသာ တိုက်ခိုက်ခံရတဲ့အခါ ဘယ်လိုတုန့် ပြန်မလဲ? အဲဒီအချက်ကို ကြိုပြီးစဉ်းစားမထားတဲ့အတွက် ဘာလုပ်ရမလဲဆိုတာကို မသိဘူးဖြစ်နေတယ်။

အခုခရေညို တို့ရုံးမှာဖြစ်နေတာနဲ့ပတ်သက်ပြီး ပြောပြချင်လိုပါ။ ခရေညို့ လိုမျိုး တိုက်ခံရတဲ့သူတွေ အများကြီးရှိမယ်ထင်ပါတယ်။ ခရေညိုတို့ ရုံးက အစကရုံးတစ်ခုတည်း ဆိုလိုတာက ရုံးခွဲတွေဘာတွေမရှိပါဘူး။ ဒါပေမဲ့ အခုတော့ သူဌေးက ရုံးခန်းတစ်ခုထပ်ဝယ်ပြီး ရုံးခွဲလိုမျိုးလုပ်လိုက်တယ်။

သူဌေးကတော့ ရုံးအဟောင်းမှာ လူတစ်ချို့နဲ့ နေခဲ့ပြီး နောက်၂ နှစ်လောက်နေမှ ပြောင်းလာကြမှာ။ ဖြစ်ချင်တော့ ရုံးသစ်ကို ပြောင်းရတဲ့ အထဲမှာ ခရေညိုပါပြောင်းရတယ်။ ခရေညိုနဲ့အတူ မန်နေဂျာ အပါအဝင် ၅ ယောက် ပြောင်းခဲ့ရတယ်။ ဪ မေ့နေလို့ ခရေညိုတို့ရုံးမှာ မန်နေဂျာကလွဲရင် ခရေညိုက လုပ်သက်အကြာဆုံးပဲ။

ဒီတော့ လုပ်ငန်းနဲ့ဆိုင်တဲ့ အားလုံးလိုလို ခရေညိုက သိနေတယ်။ မန်နေဂျာ ကလည်း ခရေညို့ အပေါ် တကယ်ကောင်းတယ်။ ဘယ်လောက်ကောင်းလည်းဆို ခရေညို အလုပ်ထွက်စာတင်တာ ၂ ခါရှိပြီ ၂ ခါစလုံး ခရေညို့ကို ပေးမထွက်ဘူး။ ဒီရုံးသစ်ကိုပြောင်းလာတဲ့အထဲမှာ အားလုံးက တရုတ်တွေချည်းပဲ ခရေညိုကလွဲရင်ပေါ့။

စားရင်းကိုင်၂ယောက် ဆိုကြပါစို့ မပြာနဲ့ မဝါပေါ့ သူတို့က ဒီမှာလုပ်တာလုပ်သက်က ခရေညို့ လုပ်သက်ရဲ့ လေးချိုးတစ်ချိုးပေါ့။ သူတို့တွေရောက်ခါစက လုပ်ငန်းနဲ့ ပတ်သတ်တဲ့ တစ်ချို့ကို ခရေညိုကပဲ ရှင်းပြခဲ့တာ။ အရင်တုန်းက ခရေညို လုပ်ရတာပေါ့။ နောက်တစ်ရောက်က ရောက်တာ လေး လလောက်ရှိပြီ ထားပါတော့ သူက မနီပေါ့

မနီကတော့ ခရေညို့ ရဲ့ လက်အောက်ကပေါ့ ။ သူတို့တွေက သိပ်စည်းလုံးတာ မန်နေဂျာ ရှိရင် ခရေညို့ကို ဆက်ဆံပုံကတစ်မျိုး ကွယ်ရာဆိုတစ်မျိုး။ ခရေညို ကလည်း လုံးဝကိုဂရုမစိုက်ဘူး။ ကိုယ်ကသူတို့ကို မေးစရာဘာမှမရှိဘူး လေ။ ဖြစ်ချင်တော့ မန်နေဂျာက ဂျပန်ကို ၁၂ ရက်ကြာအလည်သွားတယ်။အဲဒီအချိန်မှာ ကိုယ့်ကိုမခေါ်နိုင် မပြောနိုင်လောက်အောင်ပဲ ဖြစ်နေကြတယ်။ ကိုယ်ကဂရုမစိုက်ဘူးဆိုပေမဲ့ စိတ်ထဲမှာတော်တော့ကိုခံပြင်းမိတယ်။ ကိုယ်ကမှန်ပါလျက်နဲ့ အတိုက်ခံရတာတော့ အီလည်လည်ကြီး။

နောက်မှယောက်လာတဲ့သူ မနီပေါ့ သူကပိုဆိုးတယ် သူကစလုံးလေ အဲဒီတော့ ဖော်ရိန်နာ တစ်ယောက်ရဲ့ လက်အောက်မှာလုပ်ရတာကိုလုံးဝမနှစ်မြို့ ဘူးထင်တယ်။မေးစရာရှိတာကိုမမေးဘူး ပြီးရင်အမှားတွေလုပ် တစ်နေ့တော့ သူလုပ်တာ အတော်လေးမှားနေလို့ အသံမာမာနဲ့ပြောလိုက်တယ်။

အဲဒါကို သူကမကျေနပ်ဘူး။ ကျန်တဲ့ နှစ် ယောတ် နဲ့ပေါင်းပြီး ခရေညို့ကိုနည်းမျိုးစုံ နဲ့တိုက်တယ်။ အရင်က ဒါမျိုး မကြုံဘူးတော့ ကိုယ်ကတော့ ပုံမှန်ပဲ။ ခေါ်ခေါ်ပြောပြောပဲ။ ကိုယ်ကစကားပြောရင်တောင် သူတို့က မျက်နှာထား တင်းတင်းတွေနဲ့။ နောက်တော့ ခရေညိုလည်း ရိပ်မိလာတော့ ဘာမှမပြောပဲနေလိုက်တယ်။ မနီကိုလည်း ဘာမှလုပ်စရာမပေးပဲ ၂ ရက်လောက်ပြစ်ထားလိုက်တယ်။

မန်နေဂျာ ပြန်လာတဲ့နေ့ကြတော့ သူတို့ကပုံမှန်ပဲ။ မနီကလည်း သူကိုဘာခိုင်းမှာလဲ? ဘာလုပ်စရာရှိလဲ ? လာမေးတယ် ကိုယ်ကမပေးရင်လည်း ကိုယ့်အလွန်ဖြစ်တော့မယ်။ မန်နေဂျာကလည်းပြန်လာပြီလေ။ သူတို့စိတ်တွေက တော်တော်ကို မူမမှန်ကြပါလား တော်တော်ကို အဆင့်မရှိပါလားလို့ ပဲမှတ်လိုက်တယ်။စိတ်ထဲမှာ တော်တော်တော့ ခံရခက်တယ်။ပြီးတော့စိတ်လည်းပျက်မိတယ် တစ်ခါတစ်ခါ သူတို့နဲ့အပြိုင် စိတ်ယုတ် မွေးချင်မိတယ်။ ဒါပေမဲ့ မမွေးမိပါဘူး။ တော်တော့ကိုအာရုံနောက်တယ်။ အခုတော့ မန်နေဂျာက ရှိနေပြီဆိုတော့ သူတော့ကပုံမှန်ပဲ ခရေညိုကို ခေါ်ခေါ်ပြောပြောပဲ။

ကိုယ်မှာသာစိတ်အနှောက်အယှက်ဖြစ်ရတာ။ အဲဒီကစပြီးအလုပ်အကြောင်းကလွဲပြီး အပိုစကားတွေကို ခရေညိုမပြောတော့ဘူး။ သူတို့ကခရေညို့ကို အလုပ်ထွက် အောင်လုပ်နေကြတာ ဒါပေမဲ့ ခရေညိုကလွယ်လွယ်နဲ့ အရှုံးပေးတက်တဲ့သူမဟုတ်ဘူးလေ။ ကိုယ်ကသူတို့ အကူအညီမလို့ဘူး သူတို့ကပဲ လာမေးနေရတာ။ ကိုယ်ကအထက်စီးကပဲ လေနော့။ ဒါပေမဲ့ တော်တော့ကို စိတ်အနှောက်အယှက်ဖြစ်မိတယ်။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Wednesday, May 19, 2010

နောင်တ

နောင်တဆိုတာ နောက်ကျမှသိရတာချည်းပါပဲ။ ကျမလည်းအဲဒီလိုပါပဲ ကျမဘဝအတွက် ပြန်ပြင်လို့မရတော့တဲ့ ကြီးမားတဲ့နောင်တကြီးကို ဘဝတစ်ခုလုံးရင်းပြီးရလိုက်တယ်၊



ကျမ
အဖေနဲ့အမေဟာ ကျမ သုံးနှစ် သမီးလောက်ကတည်းက စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့ အတူတူမနေကြပါဘူး။ တရားဝင် ကွဲကွာထားခြင်းလည်းမရှိပါဘူး။ ဘယ်သူမှလည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ကြပါဘူး။ ဒီတော့ ကျမတို့ မောင်နှမ

အားလုံးဟာ အမေနဲ့ပဲအတူနေခဲ့ကြပါတယ်။ အမေ့ရဲ့ ကြီးမားတဲ့ မေတ္တာရိပ်အောက်မှာ အဖေကျမတို့နဲ့အတူရှိမနေခြင်းအတွက် အထူးတလည်ဘာမှ မခံစားခဲ့ရပါဘူး။ ပြီးတော့ အဖေနဲ့ကလည်းတစ်မြို့တည်းနေတာဆိုတော့ တွေ့ချင်ရင်သွားတွေ့လိုက်ရုံပဲ။ ဆိုတော့ ကျမတို့မောင်နှမတွေဟာ အမေ့ကိုပိုပြီးတွယ်တာခဲ့ပါတယ်။



ကျမ သုံး နှစ်အရွယ်ကတည်းက အမေနဲ့ပဲအတူနေခဲ့တော့ ကျမစိတ်ထဲမှာ အမေကလည်းအမေ၊

အဖေကလည်း အမေလို့ စိတ်ထဲမှာ အမြစ်တွယ်နေခဲ့တာအခုအချိန်ထိပါပဲ။ ကျမစိတ်အထင် ကျမနဲ့ ကျမထက်၂နှစ်ငယ်တဲ့မောင်လေးဟာ အဖေ့ကို အကြီးတွေ ၁၀ခါသွားတွေ့လို့မှ

တစ်ခါလိုက်မသွားခဲ့ပါဘူး။ ကျမစိတ်ထဲမှာ အမေရှိရင်ပြီးပြည့်စုံတယ်လို့ ယူဆထားလို့ပါ။

ကျမှငယ်စဉ်ကအဖေ့ကို အဖေလို့ ခေါ်ဖူးလား မခေါ်ဘူးလားဆိုတာလည်း မမှတ်မိပါဘူး။

ကျမဟာ အမေနဲ့ပဲ တစ်သက်လုံးအတူနေမယ်လို့ ငယ်စဉ်က ခဏခဏပြောခဲ့ဖူးပါတယ်။



ဒါပေမဲ့ အရွယ်ရောက်လာတော့ သဘာဝတရားကိုမလွန်ဆန်နိုင်လို့ အိမ်ကလူကြီးနဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ် လက်ထပ်ပြီးတော့ အမေ့ကိုမေ့ထားကာ
ယောင်နောက်ဆံထုံးပါဆိုသလို့ လိုက်နေခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး အမေ့ရင်ခွင်နဲ့ဝေးမှန်းမသိဝေးခဲ့ရပါတယ်။

ကလေး ၂ ယောက်ရသည်အထိကျမဟာ အမေ့ကို မေ့ထားဆဲပါပဲ။ ဒီလို့နဲ့ အမေနဲ့ နိုင်ငံခြားတဲ့ ဒီကျွန်းနိုင်ငံလေးကို ယောင်နောက်ဆံထုံးကပါခဲ့ရပြန်တယ်။



အမေက ပြန်ခဲ့စေချင်ပေမဲ့ ဘယ်တော့မှ "သမီးငယ်ရေ ပြန်ခဲ့အုန်း" လို့မပြောခဲ့ပါဘူး။

"သမီး အဆင်ပြေရင် ခဏလောက်အလည်လာခဲ့ပါကွယ် " လို့ဆန္ဒကို မြိုသိပ်ခဲ့တာချည်းပါပဲ။

ဒါကိုပဲ ကျမဆိုတဲ့ သမီးမိုက်က မသိတက်စွာနဲ့ပဲ အမေ့ဆီကို မပြန်ဖြစ်ခဲ့ပါဘူး။ အမေကလည်း နားလည်ပေးခဲ့ပါတယ်။အဲဒီအချိန်တုန်းက ကျမဟာငွေနောက်ကိုလိုက်ကာ အလုပ်တွေကိုမရပ်မနားပဲလုပ်နေခဲ့ပါတယ်။ အမေ့ကို ဖုန်းဆက်တာတို့ ငွေလေးနည်းနည်း

ပါးပါး ကန်တော့တာကလွဲရင် ဘာမှမလုပ်ပေးခဲ့ပါဘူး။



ဒီလို့နဲ့ အမေဟာ ၂၀၀၉ ခုနှစ်နိုဝင်ဘာ ၁၅ ရက်ကဗိုက်ထဲမှာ အလုံးတွေ့လို့ဆိုပြီးဆေး

ရုံတက်ပြီးခွဲစိတ်ကုသခဲ့ပါတယ်။ အဲဒီအချိန်ကျမ ကျမဟာ အမေ့ကိုတွေ့ချင်စိတ်တွေ အရမ်းကိုပြင်းပြခဲ့တယ်။ဒါနဲ့ကျမတို့မိသားတစ်စုလုံး ၂၀၀၉ နိုဝင်ဘာ ၂၇ ရက်မှာ အမေ့ဆီကို

ခွင့် တစ်လယူပြီး ပြန်ခဲ့ကြပါတယ်။ ကျမတို့ ပြန်ရောက်တဲ့အချိန်မှာ အမေဟာခွဲစိတ်ကုသမှု့အောင်မြင်လို့ထူထူထောင်ထောင် နဲ့ ဖြစ်နေပါပြီ။ အဲဒီတော့ ကျမလည်း တစ်လပဲ နေပြီးပြန်ခဲ့ပါတယ်။ အဲဒီလိုပြန်ခဲ့ခြင်းဟာကျမရဲ့ ကြီးမားတဲ့ ဒုတိယ အမှားပါပဲ။ ပထမ အမှားက ကျမဟာ အမေ့ကိုခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန် ကြီးနဲ့သွားမတွေ့ခဲ့လို့ပါပဲ။အဲဒီတော့ ရောဂါအခြေအနေကို ဂဃနဏ မသိခဲ့ပါဘူး။ ကျမလေ အမေ့ကို ရိုးရိုးအကျိတ် လို့ထင်ပြီး ဒီကိုပြန်လာခဲ့တယ်။



တကယ်တော့ အမေ
ဟာ အဲဒီအချိန်ကတည်း သားအိမ်ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးကို ခံစားနေရတယ်ဆိုတာ ကျမဟာ အချိန်လွန်မှသိခဲ့ရပါတယ်။တတိယ အမှားကတော့ ကျမရဲ့သားတွေကိုရှင်မပြုပဲ ပြန်ခဲ့လို့ပါပဲ။ အမေဟာ သူ့မြေးတွေကို သူရှိတုန်း ရှင်ပြုပေးစေချင်မှာပဲဆိုတဲ့အတွေးက အလွန်ကိုနောက်ကျသွားခဲ့ပါပြီ။

ကျမအထက်က အကိုတွေ အမတွေဟာ တော်တော့ကို ဟန်ဆောင်ကောင်းခဲ့ကြပါတယ်။

အဲဒီအချိန်ကတည်း ကျမသာမပေါ့ဆပဲဆရာဝန်နဲ့သွားတွေ့ခဲ့ရင် ဒီကိုမပြန်လာပဲ အမေ့ရဲ့နောက်ဆုံးအချိန်မှာ အမေ့နားမှာပဲ နေခဲ့မှာပါ။

ဒီလိုနဲ့ ဒီရောက်ပြီး
သိပ်မကြာခင် ၂၀၁၀ မေလ ၁၄ရက်နေ့မှာ ကျမ ဦးလေးဖြစ်သူက အမေအသည်းအသန် ဖြစ်နေလို့ အမြန်ပြန်ခဲ့ပါ ။အသက်မှီချင်ရင် ချက်ချင်းပြန်ခဲ့ပါလို့ ဖုန်းဆက်တယ်။ အဲဒီအချိန်ကျမှအမေ့ရောဂါ အခြေအနေကို သိလိုက်ရတဲ့ အတွက် ကျမသိပ်ကိုခံစားခဲ့ရပါတယ်။ အမေဟာ သူ့နောက်ဆုံးအချိန်မှာတောင်ကျမစောင့်နေခဲ့တယ်။

ကျမလည်း မေလ 15ရက် နေ့မှာ Silk Air လေကြောင်းနဲ့ပြန်သွားခဲ့ပါတယ်။

အဲဒီနေ့ ညနေမှာပဲကျမရဲ့ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်းကို ရရာကားနဲ့လိုက်သွားခဲ့ပါတယ်။ အရမ်းကိုဝမ်းနည်း စရာကောင်းတဲ့အဖြစ်အပျက်ပါပဲ။ ကျမဟာအမေ့အသက်မှီအောင်ကို အနည်းကြိုးစားနေရပြီ။



(၁၆) ရက်မနက်အစောကြီးပဲ အမေဆီကိုရောက်ခဲ့ပါတယ်။

" အမေ သမီးအလည်လာတယ် အမေ့မြေး အငယ်လည်းပါတယ်လေ" လို့ပြောတော့

ယဲ့ယဲ့လေးပြုံး ပြရှာတယ်။ နောက်နေ့ မေလ ၁၇ရက်နေ့မှာ ကျမရဲ့အမေဟာ ဘာဆိုဘာမှ မသိတော့ဘဲ့  ရောဂါဝေဒနာကို ခံစားနေရရှာတယ်။ နောက်နေ့ မေလ ၁၈ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်မှာ ကျမရဲ့ ကျေးဇူးရှင် မွေးမိခင်ဟာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါတော့တယ်။ ကျမလိုမျိုးအဖြစ်ဆိုး ရင်နာစရာ နောင်တတွေနဲ့မကြုံရလေအောင် အမေရှိစဉ်က ပြုစုပါလုပ်ကြွေးပါ အမေ့ခံစားချက်ကို နားလည်အောင်ကြိုးစားကြပါလို့ အကြံပြုချင်ပါတယ်။

ဒါဟာ ကျမဘဝတစ်ခုလုံးနဲ့ရင်းပြီးမှ ရလိုက်တဲ့ နှောင်းနောင်တတွေပါ။

ကျမရင်ဖွင့်ခံစားချက်များကို ကိုယ်ချင်းစာနားလည် စွာဖြင့် ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။



ခင်မင်စွာဖြင့်

အညာမှ

ခရေညို

Monday, January 18, 2010

ထိုသားအမိ

ဟဲလိ”ု

“ဟုတ်ကဲ့ပြောပါ။”

“ကျွန်တော် Shwerooms.com မှာ ကြော်ငြာထားတဲ့ အိမ်ခန်းအကြောင်းစုံစမ်းချင်လို့ပါခင်ဗျာ”

အဲဒီလို အစချီပြီး လူတစ်ယောက် ကျမကို ဆက်သွယ်လာပါတယ်။ သူပြောတာက သူ့သူငယ်ချင်း မိန်းမနဲ့ သမီးနေချင်လို့။ သူတို့ဟာ PR တွေဖြစ်တဲ့အကြောင်း၊ သမီးကကျောင်းတက် မှာဖြစ်ပြီး အမေကအိမ်မှာပဲနေပြီး အချိန်ပိုင်း အလုပ်ရှာမှာဖြစ်တဲ့ အကြောင်း ပြောပါတယ်။ နောက်နေ့ကျ ကျမ ကို ဖုန်းခေါ်တဲ့သူ ရယ်၊ သူ့မိန်းမ နဲ့ နေမည့်ကောင်မလေးတို့ အိမ်လာကြည့် ကြတယ်။ သူတို့လည်း ကြိုက်ကြတယ်၊ကျမက အဲဒီလူကို ဒီသားအမိနဲ့ပတ်သက်ပြီး အစစတာဝန်ယူတယ်ဆိုရင် စရံပေးခဲ့ဖို့ပြောလိုက်တယ်။ ကျမက အမေလုပ်တဲ့သူကို မမြင်မှမမြင်ဘူးပဲကိုး။

နောက် နှစ် ရက် လောက်နေတော့ သူတို့သားအမိ ရောက်လာကြပါတယ်။အဲဒီနေ့ကရုံးဖွင့်ရက် ဖြစ်နေတဲ့အတွက် ကျမအိမ်မှာမရှိပါဘူး။သူတို့ ပြောင်းလာတဲ့အချိန် မနက် ၁၁နာရီဝန်းကျင်လောက်ပေါ့။ ကျမအိမ်ကကောင်မလေးကိုသော့တစ်စုံပေးထားခဲ့ပါတယ်။သူတို့လာရင်ပေးလိုက်ဖို့ကိုလည်းမှာထားခဲ့ပါတယ်။

ကျမအိမ်ပြန်ရောက်တော့ ရှုပ်ပွနေတဲ့သူတို့ ပစ္စည်း တွေကို ဧည့်ခန်းမှာ တွေ့ရပါတယ်။ သူတို့ပြောတာကတော့ မောလို့ နေရာတကျမ ထားနိုင်သေးကြောင်း ကျမကိုပြောပြပါတယ်။ အဲဒီတော့မှ ကျမက အမေဆိုတဲ့သူကိုမြင်ဘူးတာပါ။ မပေးရသေးတဲ့ သော့ နောက်တစ်စုံ ကိုလည်းသူတို့ကို ပေးလိုက်ပါတယ်။မြင်မြင်ချင်းဆိုသလို မနှစ်မြို့စရာပါပဲ ။



"အမ တို့လိုတာရှိရင်ပြောနော် ဘာမှအားမနာနဲ့။ ကျမကလည်း လိုအပ်တာရှိရင်းပွင့်ပွင့် လင်းလင်းပဲပြောတက်ပါတယ်။
အမတို့အနေနဲ့ ကိုယ့်မိသားစုလိုပဲ သဘောထားပြီး တိုင်တိုင်ပင်ပင်နဲ့ပေါ့။ အမတို့အိပ်ခန်းကို တစ်ပတ် နှစ်ခါလောက်
အနည်းဆုံး ကြမ်းတိုက်စေချင်ပါတယ်။ ကျန်တဲ့ အိမ်သာ၊ ရေချိုးခန်းတွေကတော့ အိမ်ကကောင်မလေးလုပ်ပါတယ် "

ကျမပြောပြီး သူ့မျက်နှာကိုကြည့်လိုက်တော့ ပိုက်ဆံပေးနေတာပဲ ဘာမှဂရုစိုက်စရာ မလိုဘူး

ဆိုတဲ့ပုံ မျက်နှာထားနဲ့။ ကျမ သူ့ကိုမြင်ကတည်းက တစ်လ လောက်ထားပြီးရင် သူတို့ကို မထားဖို့ ဆုံးဖြတ်လိုက်တယ်။ ညကျတော့ အိမ်ကလူကြီးကိုတိုင်ပင်တော့ ကျမသဘောပဲလို့ပြောပါတယ်။ ပိုဆိုးတာက ညညစကားပြောရင် တော်တော်လေးကို ကျယ်ပါတယ်။ ကျမစိတ်အပျက်ဆုံးကတော့ နေတာထိုင်တာ ညစ်ပတ်တာနဲ့ စကားပြောကျယ်တာပါပဲ။ အမေဆိုတဲ့သူကစကားကိုအမျိုးမျိုးလည်းပြောတက်ပါတယ်

အခုတစ်မျိုး တော်ကြာတစ်မျိုးပေါ့။ ကျမကတော့ ဒီလိုပဲစောင့် ကြည့်အုန်းမယ်လို့ပါပဲ ဒါပေမဲ့ ရောက်ပြီး တစ် ရက်ခြားကြာတော့ ပြသာနာ ကစတော့တာပဲ။

အဲဒီ နေ့ ကSunday ဆိုတော့အိမ်မှာ လူစုံရှိကြတယ်။ သူတို့သားအမိနှစ်ယောက်ကတော့ မနက် ၁၀ နာရီ လောက်ကတည်းက ကျောင်းကိစ္စ စုံစမ်းစရာရှိလို့ဆိုပြီး ထွက်သွားကြတယ်။ ပြသာနာကသူတို့ပြန်လာမှစတာ သူတို့ပြန်လာတော့ ညနေ ၆နာရီ ဝန်းကျင်ပေါ့။ ကျမတို့က အိမ်မှာရှိရင် မိန်းတံခါး သော့ကို ပိတ်လေ့မရှိပါဘူး။ သူတို့ပြန်လာတော့ သော့ဖွင့်စရာမလိုပဲ ဒီအတိုင်းဝင် ခဲ့ကြတယ်။သူတို့အခန်းရှေ့ ရောက်တော့ သူတို့ အခန်းသော့ဖွင့်မယ်လို့ ပြင်မှ သော့ကအခန်းထဲမှာ မေ့နေတယ်ဆိုတာ သူတို့သိကြတယ်လေ။

ကျမကို သော့အပိုရှိ ရင် ဖွင့်ပေးဖို့ ပြောတယ်လေ။ ကျမလည်း ဖွင့်ပေးရတာပေါ့။



“အမ တို့ သော့ နှစ်စုံစလုံး အခန်းထဲမှာ မေ့ခဲ့တာလား?” လို့ကျမကမေးတော့

“မဟုတ်ပါဘူး သော့က တစ်စုံထဲရှိတာပါ။”

"မဟုတ်ဘူးလေ အမရဲ့ အမတို့ရောက်ခါစက တစ်စုံ ညနေကျမပြန်လာတော့ တစ်စုံပေးတာလေ"

ကိုယ့်ဘက်ကပြေပြေလည်လည်ပြောပေမဲ့သူကတော့ ကျမကို အော်ပြီး ပြောပါတယ်။ ပိုဆိုးတာက ပြောင်လိမ်ပါတယ်။ ကျမဖြင့်စိတ်ညစ်လိုက်တာ။ ကျမလည်း အခန်းထဲဝင်ပြီး စကားပျက်သွားအောင်ကြိုးစားပါသေးတယ်။ ဒါပေမဲ့ သူက အော်ကြီးဟစ်ကျယ် နဲ့ ပိုက်ဆံပေးနေတာအလကားနေတာကျနေတာပဲ ဘာညာ ပြောနေတော့ ကျမလည်းအပြင်ထွက်ပြီး



" အမစရိုက်နဲ့ ကျမစရိုက်က အတူနေလို့ ဖြစ်မှာမဟုတ်ပါဘူး
ဒီတော့ အိမ်အမြန်ရှာပြီး ရရင် ပြောင်းပေးပါ"

"ညည်းပဲပြောတာလေ ပြောင်းစေချင်ရင် တစ်လကြို ပြောရမယ်ဆို"

"ပုံမှန်ဆိုရင်တော့ ဟုတ်ပါတယ် အခုလိုချက်ချင်း ပြောင်းခိုင်းတဲ့အတွက် ကျမက အမပိုက်ဆံတွေ အကုန် ပြန်အမ်းမှာပါ"

အဲဒီလို ဖြစ်ပြီး သုံးရက်လောက် နေတော့ သူတို့ အိမ်ပြောင်းသွားကြပါတယ်။ သူတို့နေတဲ့ တစ်ပတ်စာကိုလည်း ကျမ ပြန်ပေးလိုက်ပါတယ်။တကယ်ကို စိတ်ညစ်စရာကောင်းပါတယ်။ ကိုယ်အိမ်မှာလာနေတဲ့သူနဲ့ အခုလိုစကားများရတာဟာ ကျမရဲ့ ညံ့ဖျင်းမှူ့ကြောင့်ပါ။ လူမမြင်ဘူးပဲနဲ့

လက်ခံလိုက်မိတာကိုး။ အခုနောက်ပိုင်း ကျမအိမ်မှာ လာနေတဲ့သူတွေကို နေမဲ့လူကိုယ်တိုင် လာကြည့်မှပဲ လက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ်သင်ခန်းစာတော့ ရလိုက်တာပေါ့နော်။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို