Monday, November 2, 2009

မစောတင်

ကျုပ်နာမည်က စောတင်။ ခင်တဲ့သူတွေကတော့ အစော ၊ မစော ရယ်လို့ခေါ်ကြတယ်။

ကျုပ် က အမေနဲ့ အတူနေတယ်။ အဖေကတော့ ကျုပ်ငယ်ငယ် ကတည်းက ငှက်ဖျားရောဂါနဲ့ဆုံးသွားပြီတဲ့။ အမေပြောတာပဲ ကျုပ်တော့ မြင်ဘူးလိုက်ပေါင်။

ကျုပ်က ရာသီပေါ် အသီးအနှံတို့ ၊ ဟင်းသီးဟင်းရွက် တို့ ကိုရက်ကွတ် တွေလှည့် ရောင်းတယ်။ ခေါင်းရွတ် ဈေးသည်ပေါ့။ အဲဒီလိုရောင်းတာ အရင်းအနှီးသိပ်မဆိုက် ရဘူးလေ။တစ်ခါတစ်လေ အမေနေမကောင်းလို့ ဆေးဝယ်တာတို့ အဟာရဖြစ်မဲ့အစာကောင်းလေးတွေ ဝယ် ကျွေးလိုက် ရင် အရင်:ရောအမြတ်ရောပြောင်ရောပဲ။

အဲဒီအခါကျရင် ခေါက်ပြန်ပေးယူရောင်းရတာပေါ့။
ခေါက်ပြန်ပေးဆိုတာ ကုန်ကို ပိုက်ဆံမပေးပဲ ယူရောင်းတာ ရောင်းလို့ကုန်ပြီဆိုမှပိုက်ဆံပေးတာ ကိုပြောတာ။ အရင်းအနှီးက သိပ်များများစားစားမ ဟုတ်တော့ကုန်ဒိုင်တွေက လည်ပေးကြပါတယ်။ ဈေးလျှောက်ရောင်းရတာ က သားအမိ နှစ်ယောက်ထမင်းတော့မ ငတ်ဘူးပေါ့။

ဈေးရောင်းပြန်ရင် ဆန်လေး နို့ဆီဘူး လေး ဘူးလောက်ဝယ်လာ ခဲ့ တယ် ဟင်းကတော့ ကျန်

တဲ့ အသီးအရွက် လေးတွေ ကို ဆီလေး မျက်ရည်ပေါက်လောက် ထည့်ပြီး ကြော်/ပြုတ် စားလိုက်တယ်။ တစ်ခါတစ်လေတော့ ကြက်ဥလေး၊ငါးလေး ချက်တယ်။ ဒီလိုပဲ ဈေးရောင်းပြီး စားကြရတာ ။

ကျုပ်ကဈေး ရောင်းပြန်ရင် လမ်းထိပ်ကဆိုက်ကား ဂိတ်က ဖြတ်ပြန်လေ့ရှိတယ်

ဆိုက်ကားတော့ မစီးနိုင်ဘူးပေါ့။ အခုခေတ် က ဟိုနားဒီနား ဆိုက်ကားစီးရင် အောက်ထစ် ၃၀၀ လောက်ပေးရတယ်။ ကျုပ်လည်း ဘယ်တော့မှ မစီးဘူး။



တစ်နေ့တော့
ကျုပ် တစ်ခြားရက်ကွပ်က ဈေးရောင်းပြန်တော့ ဆိုက်ကား သမားတစ်ယောက် ဆိုက်ကားကိုတွန်းပြီး လိုက်လာတယ်။



"မစော မစော"

ကျုပ်လည်းမကြည့်ပဲနဲ့



"ဆိုက်ကား မစီးနိုင်ပါဘူး" လို့ပြန်ဖြေလိုက်တယ်။ ပြီးမှကြည့်လိုက်တော့



"ဪ ကိုသောင်း ပါလား ကျုပ်ဆိုက်ကားမစီးသေးပါဘူး။ ရှင်ကလည်း ကျုပ်ဘယ်တုန်းကမှ ဆိုက်ကားမစီးတာသိရက်နဲ့"



"ဆိုက်ကားစီးမလားလို့ မေးမှာမဟုတ်ပါဘူး ကျွန်တော်လည်း မစောတို့ လမ်းဖက်သွားစရာလေးရှိလို့ လမ်းကြုံလိုက်ခဲ့ပါလို့ ပြောမလို့"


ထူးတော့ထူးဆန်းသား လူ့အားဆိုက်ထုတ်ပြီး နင်းရမှာကို လမ်းကြုံလိုက်ခဲ့ပါလားတဲ့။ အင်း ... သူလည်း ပိုက်ဆံလိုချင်လို့နေမှာ။ ဧကန်န အုံနာခ မရသေးဘူးထင်တယ်။



"မစော ဘာတွေစဉ်းစားနေတာလည်း လာပါလိုက်ခဲ့ပါ "



"ဪ... အင်း ... တော်ပါပြီတော် မလိုက်တော့ပါဘူး "



"လာပါ လမ်းကြုံလို့ပါ ပိုက်ဆံမယူပါဘူး လာပါ တက်"

ကျုပ်လည် ဈေးလျှောက်ရောင်းရတာ ညောင်းနေပြီ သူကလည်း ဇွတ်ခေါ်နေတော့ ဟန်မဆောင်နိုင်ပဲ လိုက်ခဲ့တယ်။နောက်နေ့တွေ ကျတော့လည်းဒီလိုပဲ လမ်းကြုံလို့ခေါ်ပြန်တယ် သူသွားစရာရှိတာက ကျုပ်ဈေးရောင်းပြန်တဲ့ အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် တော်။

ကိုသောင်း က အပြောကလည်းကောင်း ၊ အရက်ကလည်းမသောက် ဆိုတော့ စိတ်ကူးတောင် ယဉ်မိသေး ကျုပ်ကိုကြိုက်နေလို့လား ? ဘာလား ညာလားပေါ့။ နောက်နေ့သူက လမ်းကြုံ ခေါ်တော့ ကျုပ်လည်း သိချင်စိတ်ကို မြိုသိပ်မထားနိုင်တော့တာနဲ့ ပဲ



"ရှင်က ကျုပ်တို့လမ်းဖက်ကို နေ့တိုင်း ဘာလာလုပ်တာလဲ? ကျုပ်လည်း နေ့တိုင်း

လမ်းကြုံလိုက်နေရ တာ အားနာလှပြီ"



"ဪ မစော ရယ် ရိုးလိုက်တာ တကယ်မသိဘူးလား? "


ကျုပ်တော့ နည်းနည်းတော့ ရိပ်မိသား ဒါပေမဲ့ မသိချင်ယောင်ဆောင် နေလိုက်တယ်



" ဘယ်လိုလုပ်သိမှာလဲ ရှင့်စိတ်ထဲမှာရှိတဲ့ဟာကို ကျုပ်မှဗေဒင်မ တွတ်တက်တာ"



"ကဲပါ မစောရယ် မထူးတော့ပါဘူး တကယ်တော့ ငါနင့်ကို ယူချင်လို့ဟ"


သူက ဒဲ့ဒိုးကြီးပြောတော့ နည်းနည်းတော့ ရှက်တာပေါ့ ဒါပေမဲ့ သူ့ကို ကြိုက်သလိုလိုတော့ရှိသား ။

ဒီလိုနဲ့ပဲ သူနဲ့ယူလိုက်တယ် ဆိုကြပါစို့ ။ ယူပြီး တစ်လ နှစ်လ လောက်နေတော့ သူ့ဗီဇကပေါ်လာပြီ။ သူကအရက် တာမသောက်တာ ဖဲသမားတော့ဖဲသမား ။ ဖဲသမားဆိုတာကလည်း မစားရရင် နေလို့ရတယ် ဒါပေမဲ့ ဖဲမရိုက်ရ ရင်မနေနိုင်ကြဘူး။ ဖဲရိုက်တယ်ဆိုတာကလည်း ကွယ်ရာမှာ ရိုက်တော့

ကျုပ်လည်းဘယ်သိမလဲ? သူဆိုက်ကား နင်းတာကလည်း အုန်နာ ဖိုးပေးရတာနဲ့ ဖဲရိုက် ဖို့တောင် အနိုင်နိုင်ရယ်။ အဲဒီတော့ ကျုပ်က လင်ယူပြီးထမင်းကျွေးရတာပေါ့။

ဘာတတ်နိုင်ပါ့မလဲ ကျုပ်ကံပေါ့။



တစ်နေ့တော့ ကိုသောင်း ရေးကြီးသုတ်ပြာနဲ့



"မစောရေ မစော "



"ဘာလဲ ကိုသောင်း ရယ် ရင်ထိတ်လိုက်တာ ကျုပ်ကမီးဖိုထဲမှာ အမေ နေသိပ်မကောင်းလို့ ဆန်ပြုတ် ပြုတ်နေတယ်"

သူကမီးဖိုထဲ အပြေးဝင်လာတယ်



"ဘာလဲကိုသောင်း ဘာဖြစ်လို့လဲ"



"ဟိုလေ နင့်အမေ နားကပ်လေး ခဏလောက်ငါ့ကို တောင်းပေးပါလား? ညနေကျရင် ငါပြန်ပေးပါ့မယ်"



"ဟင် ဘာလုပ်ဖို့လဲ? ရှင်ကလည်းရှင့် ပစ္စည်းကျနေတာပဲ ကျုပ်အမေကသူ့ရဲ့နားကပ် လေးကို

သိပ်မြတ်နိုးတာ အဖေ့ရဲ့ တစ်ခုတည်းသောလက်ဆောင်မို့ ။ တောင်းမပေးနိုင်ပါဘူး တောင်းရင်လည်း

အမေက ပေးမှာမဟုတ်ဘူး"



"အေးပါဟာ ဒါဆိုလည်း ပြီးတာပဲ"


လို့ပြောပြီး ထွက်သွားတယ်။ ကျုပ်မှာဖြင့် အမေကြားသွားသလား ဆိုပြီးသွားကြည့်တော့ တော်သေးတယ် အမေကအိပ်နေလို့။ ကိုသောင်း ရဲ့ ကောင်းတဲ့အကျင့်က ဘယ်တော့မှဆူဆူပူပူမလုပ်ဘူး ။ အရက်မူးပြီး ရိုက်တာလည်းမရှိခဲ့ဘူး သူကအရက်မှမသောက်တာကို။ အဲဒီ
ညက သူအတော်လေး မိုးချုပ်မှပြန်လာတယ်။

နောက်နေ့မနက်ကျတော့ အမေ့နားမှာ နားကပ်မရှိတော့ဘူး ကျုပ်သိလိုက်ပါပြီ ကိုသောင်း

လက်ချက်ပဲဆိုတာ သူဘယ်လိုယူသွားတယ်ဆိုတာတော့ ကျုပ်လည်းမသိဘူး အမေ့ကိုလည်းမ မေးရက်ခဲ့ဘူး ။ နောက်ပြန်ပေးနိုင်မှပဲ မေးတော့မယ်ဆို နေလိုက်တယ်။ အမေ့ကိုကြည့် တော့ မျက်နှာကသိပ်မသာယာဘူး ။ ကိုသောင်းလည်း အဲဒီ နေ့ ကစပြီးပြန်ကိုမလာတော့ဘူး။ သူပြန်လာရင်လဲကျုပ်ကမပေါင်းတော့ဘူးလို့ ဆုံးဖြတ်ပြီးသား။ အမေလည်း တရှောင်ရှောင် ဖြစ်လာတယ် ကျုပ်စိတ်အထင် တော့သူနားကပ် လေးကို စိတ်စွဲတယ် ထင်တာပါပဲ ။ပိုပြီးချူချာ လာတယ်။ အစားတောင်မဝင်တော့ဘူး။ အမေက အသက်ကလည်းကြီးပြီ၊ အဟာရဖြစ်စေမည့် အစာတွေကလည်းမ ကျွေးနိုင် နောက်

ဆုံးတော့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားရှာတယ်။

အမေဆုံးပြီး ၁ လလောက်ကြာတော့ ကိုသောင်း ဆုံးပြီစိုတဲ့ သတင်း ရောက်လာတယ်။

ဖဲကြွေးမဆပ်နိုင်လို့ ဝိုင်းရိုက်ခံရတာတဲ့ ကျုပ်လည်း အတိအကျ မသိဘာဘူး ။ကိုသောင်းဆုံးပြီ ဆိုတော့ ကျုပ်လည်းအော်တိုမတစ် မုဆိုးမဖြစ်ပြီပေါ့။ အဲဒီအချိန်တုန်းက ကျမအသက် ၃၅နှစ်ဝန်းကျင်။ကိုသောင်းနဲ့က ကလေးလည်းမရပါဘူး။ အဲတော့ ကျုပ်၁ ယောက်ထဲနေတာပေါ့။ ကိုသောင်းရှိတုန်းက ဘယ်သူကမှလာပြီး မစရဲပါဘူး။ အခုတော့ မုဆိုးမဆိုတော့ ရက်ကွပ် ထဲက ကောင်တွေက ရိတိတိလုပ်ချင်ကြတယ်။ ပြီးတော့

ကျုပ်က တစ် ယောက်ထဲနေတာဆိုတော့ သတိ တော့ အမြဲထားရတာပေါ့။



ဆက်ပါအုန်းမည်။


ခင်မင်စွာဖြင့်


အညာမှ


ခရေညို

12 comments:

သားကြီး said...

ကိုသောင်းကလည်းကဗျာဆန်လိုက်တာ
“ငါနင့်ကိုယူချင်လို့”တဲ့
ချစ်တယ်လို့ပဲအရင်ပြောပါဦးတော့လားကို
သောင်းရယ်
ကဲ မစောရေ
ရပ်ကွက်ထဲကကောင်တွေတော့ရိသဲ့သဲ့ဆိုပဲ
နောင်းတစ်ပိုင်းဆက်ရင်သတိထားဗျိုးးး
ခေတ်ကြီးကမကောင်းဘူး :P

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေ..

မစောတင် ဘာဆက်ဖြစ်မလဲ စောင့်ဖတ်နေမယ်.. ဖတ်ကောင်းတုန်း ရှိသေး ဆက်ပါဦးမည် တဲ့.. မစောတင်.. ကံကောင်းပါစေလို့ ဆုတောင်းပါတယ် ခရေညို ရေ...


ခင်မင်စွာဖြင့်
ကိုမျိုး

နွေးနေခြည် said...

ဖတ်ကောင်းနေတာကို... ဆက်ရန်တဲ့
မျှော်ရမှာပေါ့လေ
မြန်မြန်ဆက်နော် မမခရေ

နှင်းနဲ့မာယာ said...

ခရေညိုရေ
ဒုတိယပိုင်းလေး မျှော်နေတယ်နော်...

နှင်း

ရွှေရတုမှတ်တမ်း said...

ငါ့တူမရေ..
အဲလို လင်ကုန်ရှုံးကြသူတွေမျက်စေ့အောက်မှာခနခန
တွေ့နေရတယ်..ဗမာပြည်မှာ..
အခုရောက်နေတဲ့နေရာလဲရှိတာပါပဲ..
တခါတလေကြဘာပြောရမှန်းတောင်မသိဘူး...

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ
ဇတ်လမ်းကတော်တော်ကောင်းနေတာ၊ အဆက်ကိုလည်း မျှော်နေမယ်နော်။

thawzin said...

အဟာရဖြစ်မဲ့အစာကောင်းလေးတွေ ဝယ် ကျွေးလိုက် ရင် အရင်ရောအမြတ်ရောပြောင်ရောပဲ။


မြက်နှာကသိပ်မသာယာဘူး
အဲဒီဟာလေးတွေ မှားတာလေးမြင်လို့ သတိပေးပါအုံးမည်။ ပြင်လိုက်ပါအုံးအစ်မရယ်။
အရင်းရော အမြတ်ရော
မျက်နှာက သိပ်မသာယာဘူး
အဲလိုလေးက မှန်မယ်ထင်ပါတယ်နော့။
အညာသူအညာသားတို့ ရေးလိုက်ရင် မြ၀တီက သိုင်းကားတွေကြနော်ဗျာ။ မုဆိုးမကြီးဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရအုံးမည်ပ။

ကိုလူထွေး said...

အခုတော့ အမေလည်းဆုံး၊ အပျိုဘဝလည်းဆုံး၊ ယောက်ျားလည်းဆုံး၊ နားကပ်လည်းဆုံး...

ဇာတ်လမ်းမဆုံးသေးလို့ တော်သေးတယ်...

းဝ)

Yu Ya said...

ဖတ်လို့ကောင်းတယ် မခရေညိုရေ.. ဆက်ရန်လေး စောင့်နေပါတယ်ဗျာ။

yu ya

Unknown said...

ပေါတယ်လို့ထင်ပါတယ် :)

မိုးစက်အိမ် said...

ကောင်းတယ်အမရေ မြန်မြန်လေးဆက်ပါ . . . စဖတ်တုန်း
ကတော့ ဟာသထင်လို့  နောက်တဖြည်းဖြည်းနဲ့  ဘ၀ အကြောင်းလေးမှန်းသိလာရတယ် မျှော်နေမယ် အမရေ . . .

ဖြူတုတ်လေး said...

မက အရမ်းရေးတတ်တယ်နော်။ ဒီ 'ဆီလေး မျက်ရည်ပေါက်လောက်' ဆိုတဲ့ အသုံးက အရမ်းမိတယ်။ ဆက်ဖတ်လိုက်အုန်းမယ်နော်။ ပျော်စရာကြီး... အဆက်ကိုစောင့်စရာမလိုဘူး။