Wednesday, November 4, 2009

မစောတင် (ဇာတ်သိမ်းပိုင်း)

တစ်နေ့ ရပ်ကွတ် ဥက္ကဋ္ဌ တို့ လင်မယား ကျုပ်အိမ်ကိုရောက်လာကြတယ် ။

"စောတင် ရေ စောတင်ရေ"

"ဥက္ကဋ္ဌ တို့လင်မယား ပါလား လာကြပါတော် ထိုင်ကြပါ ဒါနဲ့ဘာ အကြောင်းထူး ရှိလိုလဲ" ကျုပ်လည်း ဥက္ကဋ္ဌ ကတော် မခင်သန်းကို ကြည့်ပြီးမေး

လိုက်တယ်။

"အကြောင်းကတော့ ညည်းအတွက်ပဲ ဆိုပါတော့ "

"ဘာများလဲ မခင်သန်း ရယ်"

"ညည်းက အသက်လည်း ရှိသေးတယ် ရုပ်လည်းရှိသေးတယ် ညည်းနောက်အိမ်ထောင်ပြုလိုက် ပါလား?"

"တော်ပါပြီတော် ကိုသောင်းတုန်းကလဲ သူ့ကြည့်ရတာ ရိုးသလိုလိုနဲ့ ဖဲသမား ဖြစ်နေပါရောလား သူ့ကြောင့် ကျုပ်အမေလည်း သေခဲ့ရတယ် ။ ဒီအတိုင်းတစ်ယောက်ထဲနေတာပဲကောင်းပါတယ်။"

"ငါတို့က ညည်းကိုကောင်းစေချင်လို့ပါအေ။ ဟိုဘက်ရပ်ကွတ် က ကိုဘခင် ကိုညည်းသိတယ်မဟုတ်လား? ။ သူကညည်းကို လက်ထက်ချင်လို့တဲ့။

အဲဒါ ငါတို့ကို လာပြီး နားဖောက်ခိုင်းလိုက်လို့။ ငါတို့အနေနဲ.ကလည်း သင့်တော်မယ်

ထင်လို့ ညည်းကိုလာပြောရတာ။ ညည်းအတွက် ရပ်ကွတ်

ထဲက အမူးသမား တွေ အန္တာရာယ် ကလည်းကင်းတာပေါ့။

ပြီးတော့မတောင်းမတပဲလည်း နေနိုင်မှာ ။ ညည်းလည်း လင်မရှိတော့မသင့်တော်ဘူးလေ။ ညည်းစဉ်းစားပေါ့အေ အားလုံးကညည်းအတွက်ပဲ တစ်ယောက်ထဲနေတာဆိုတော့ လူတွေကအထင်သေး ချင်ကြတယ်အေ့။”

"ဟုတ်ကဲ့ပါ မခင်သန်းရယ် ကျုပ်စဉ်းစားလိုက်ပါအုန်းမယ်"

"အေး အေး အဲဒါဆိုရင် ငါတို့ပြန်အုန်းမယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

အဲဒီ ကိုဘခင်က အသက် ၆၀လောက်ရှိပြီ။ သူ့မိန်းမဆုံးတော့ ကျုပ်တောင် အသုဘ ပို့သွားသေးတယ် ။ အဲဒီတုန်းက ကျုပ်အသက်က ငယ်သေးတာ ။ ဆိုတော့ သူ့မိန်းမဆုံးတာ

၁၀နှစ် ကျော်ပြီထင်တယ်။ ဟုတ်တော့ဟုတ်ပါတယ်လေ ကိုဘခင်က အခြေနဲ့အနေအနေ နဲ့။

သူ့အိမ်ကြီးကလည်းအကြီး ကြီး ခြံကလည်း အကျယ်ကြီး ။ ပြီးတော့သူက ပင်စင်စားရှေ့နေကြီး။ သူ့မှာ သမီး နှစ် ယောက်ရှိတယ်။ အငယ်မကတော့အိမ်ထောင်နဲ့ သား၂ ယောက် သမီး ၁ ယောက်ရှိတယ်။ အကြီ:မတော့အပျိုကြီး ညီမက မွေးတဲ့ သားအကြီးကို အမွေစားအမွေ ခံမွေးစားထားတယ်။ သူတို့အားလုံးကလည်း အိုးခွဲပြီးနေကြတယ်။ ဆိုတော့ ကိုဘခင် သမီး ၂ ယောက်အဖေ၊ မြေး ၃ ယောက် အဖိုး လူပျိုကြီပေါ့။

ကိုဘခင့် သမီးတွေကလည်း ကျုပ်ထက်ငယ်လှ ၂နှစ် ၃ နှစ်ပေါ့။

တိုတိုပြောရရင် ကိုဘခင် နဲ့ နောက်အိမ်ထောင်ပြုခဲ့တယ်။ သူ့ရက်ကွက် က လူ
ကြီး ကိုယ့်ရက်ကွက်က လူကြီး လေးတွေရယ် လူလေးနည်းနည်းပါးပါးရယ် ဘုန်းကြီး ၃ ပါးကို ပင့်ပြီး မင်္ဂလာ ဆွမ်းကြွေးလေးကို အကျဉ်းရုံး လုပ်လိုက်တယ်။ ပြီးတော့ ကျုပ်က ကိုဘခင် အိမ်ကိုလိုက်နေတယ်။ ကျုပ်အိမ်လေးကို ရောင်းဖို့ အိမ်ပွဲစားနဲ့ စကားပြောထားပြီးပြီ။ အိမ်လေးက ခနိုးခနဲ့ဆိုတော့ သိပ်ရမယ်မထင်ပါဘူး။

ရသလောက်ပေါ့။အဲဒီအချိန်တုန်းက ကျုပ်အသက်က ၄၀ ထဲမှာ။ ဆိုတော့ ကိုဘခင်က ကျုပ်ထက် အသက် ၂၀လောက်ကြီးတယ် ကျုပ်ကသူသမီးတွေထက် သုံးနှစ်လောက်ကြီးတယ်။

သူ့သမီး တွေကကျုပ်ကို "မမစော" လို့ခေါ်ကြတယ် သူတို့ကလည်း ကျုပ်ကိုချစ်ကြပါတယ်။

ဒိလိုနဲ့ ကိုဘခင် နဲ့ လိုက်နေတယ်။

ကိုဘခင်က ကျုပ်ကို ငါးမတ်သား ရွှေဆွဲကြိုး ရယ် ၊ တစ်မတ်သား လက်ကောက် ၃ ကွင်းရယ် ဆင်ပေးတယ်။ ပြီးတော့သူ့အရင်မိန်းမရဲ့ ချယ်နားကပ်ကိုလည်း ဆင်တယ်။ ကျုပ်ကဒါမျိုးတွေ မဝတ်ဘူးတော့ တစ်မျိုးကြီးပဲ။ ပြောရရင်တော့ ကျုပ်ကနောက်အိမ်ထောင် ပြုလိုက်တာ

လင်ကံကောင်းတယ် အိုဇာတာ ကောင်းတယ်ပေါ့။

ကိုဘခင်ကလည်း ကျုပ်အပေါ် ကောင်းရှာပါတယ်။ သူက ကျုပ်ကို "အစော" လို့က ခေါ်
တယ်။ ကျုပ်ကတော့ အစ်ကိုကြီ်းလိုဲ့ခေါ်တယ်။ သူ့အိမ် ရောက်ပြီး ဘာမှထွေထွေထူးထူး မလုပ်ရပါဘူး ။ ခြံထဲကအပင်တွေနဲ့ သူ့ပင်စင် လေးနဲ့ဆိုတော့ ကျုပ်တို့ နှစ် ယောက်အတွက် ဘာမှမလုပ်ပဲစားလို့ရတယ်။ ဒါပေမဲ့ ကျုပ်က အလုပ် လုပ်ချင်သား။ ဒီကြားထဲ ကျုပ်အိမ်လေးကို

ဝယ်သူက အကြိုက်တွေ့ပြီး ဝယ်သွားတယ်။ အဲဒီတော့ ကျုပ်လက်ထဲမှာ ငွေလေးတွေရှိတော့ တစ်ခုခုလုပ်ချင်လာတယ်။



"အစ်ကိုကြီ်း ရေ ကျမ အိမ်ရောင်းရတဲ့ ငွေတွေနဲ့ တစ်ခုခုလုပ်မလားလို့"

"အင်း ကောင်းသားပဲ လုပ်လေ ဘာလုပ်ချင်တာလညး လက်ကောက်လား? လက်စွပ်လား?

အစ်ကိုကြီး အသိ ပန်းတိမ်ဆရာတွေရှိတယ် လိုက်အပ်ပေးမယ်လေ။ ဒါမှမဟုတ် လုပ်ပြီး သားသွားဝယ်မလား အသိရွှေဆိုင်တွေရှိပါတယ် "

"အို မဟုတ်ပါဘူး အစ်ကိုကြီ်းရယ် ကျုပ်ပြောတာက အလုပ်လုပ်မယ်လို့ ပြောတာပါ"

" ဪ "

ဆိုပြီး ဘာမှမပြောပဲ စဉ်းစားနေတယ်...........


"ဘယ်လိုလဲ အစ်ကိုကြီး သဘောက"

"အစ်ကိုကြီး သဘောကတော့ ဘာမှမလုပ်စေချင်ဘူး အစော အတွက် ရွှေပဲ လုပ်ဝတ်ထားစေချင်တယ်။ အစ်ကိုကြီး အစောကို ဘာမှမလုပ်ပဲ ကြွေးနိုင်

ပါတယ် အစ်ကိုကြီးးက အစောကို စောင့်ရှောက်ချင်လို့ လက်ထက်ခဲ့တာ ခိုင်းချင်လို့မဟုတ်ဘူး"

"ဟုတ်ပါတယ် အစ်ကိုကြီး ရယ် ကျမ အစ်ကိုကြီး စေတနာတွေကို နားလည်ပါတယ်။

ဒါပေမဲ့ ဒီအတိုင်း ဘာမှမလုပ်ပဲ မနေတက်လို့ပါ။ပြီးတော့ ဘာမှမလုပ်ပဲနေရင် ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တယ်လေ ။ အစ်ကိုကြီး ပြောသလို ရွှေလည်းလုပ်ဝတ်ပါ့မယ်။

အလုပ်လည်း လုပ်ပါရစေ"

"အစောကဘာလုပ်မယ် စိတ်ကူးထားလို့လဲ?"

"အဲဒါ အစ်ကိုကြီိးု ပြောလေ ဘာလုပ်ရင် ကောင်းမလဲလို့"

" အင်း ဒါဆို အိမ်မှာပဲ လုပ်လို့ ရတဲ့ အိမ်ဈေးဆိုင်လေးဖွင့်ပါလား ။ ကုန်ခြောက်ဆိုင်ပေါ့။ ဘယ်လိုတုန်း သဘောကျရဲ့လား?

"ကောင်းတယ် ကောင်းတယ် အစ်ကိုကြီး ကို ကျမအရမ်း ကျေးဇူးတင်ပါတယ်။

"
ဒီလိုနဲ့ ကျုပ်လည်း အိမ်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ လက်ကောက် တစ်မတ်သားတစ်ကွင်း ထပ်လုပ်လိုက်တယ်။ ပြီးတော့အိမ်ဈေးဆိုင်လေး ဖွင့်လိုက်တယ်။ လိုတာကို အစ်ကိုကြီး ဆိုက်ပေးတယ်။မနက်မိုးလင်းရင် ချက်ပြုတ်ပြီး ဈေးဆိုင်လေးဖွင့်တယ်။ အိမ်ဆိုင်လေးဆိုတော့ ဖွင့်ထားရင်းနဲ့ ထမင်းစားတာတို့ ရေချိုးတာတို့ လုပ်နိုင်တယ်လေ။

အခုတလော အစ်ကိုကြီ:ကနေသိပ်မကောင်းလို့ ဆိုင်ကိုပိတ်ထားလိုက်တယ်။ သူ့ကိုအချိန်ပြည့် ပြုစုချင်လို့ သူကကျုပ်ယောက်ျား ဆိုပေမဲ့ ကျေးဇူးရှင်လို့လည်း ပြောလို့ရတယ်လေ။

သူနေမကောင်းနေတဲ့အချိန်တွေမှာ သူ့မြေးအငယ်ကောင် ကစားသောက်ဆိုင်ဖွင့်ထားတော့

စားစရာတွေကို မနက်တစ်ခေါက် ညတစ်ခေါက်လာပို့တယ်။ ကျုပ်လည်းဘာမှချက်စရာမလိုတော့ဘူးပေါ့။ ခြံထဲက သီးပင်စားပင်ကြီးတွေကိုလည်း

သူ့မြေးအငယ်ကောင်ကို ပေးလိုက်တယ် ။ သီးပင်စားပင်ဆိုတာ သရက်ပင် တို့၊ ပိန္နဲပင်တို့ ပေါ့အဲဒီအပင်တွေ တစ်နှစ် တစ်ခါငွေပေါ်တယ်လေ။

ဒီလိုနဲ့ ကိုဘခင် ရဲ့ကျန်းမာရေးကလည် တစ်နေ့ထက်တစ်နေ့ပို ဆိုးလာတယ်။ အသက်ကလည်း ကြီးပြီလေ။ ၈၄ နှစ်ရှိပြီ။ ကျုပ်လဲသူ့ကို အတတ်နိုင်ဆုံး ပြုစုပါတယ်။ ကျုပ်လေ သူ့သေသွားမှာအရမ်းကိုကြောက်တာပဲ။ တစ်ညမှာသူက ကျမစကားတွေပြောတယ်

"အစောရေအစောကို အစ်ကိုကြီးဆက်ပြီးစောင့်ရှောက်နိုင်မယ်မထင်တော့ဘူး အဲဒီတို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နော် အငယ်ကောင် သိန်းဇော် ကိုလည်း အစောကိုစောင့်ရှောက်ဖို့ မှာထားတယ်"

"အစ်ကိုကြီးကလည်း ဘာတွေပြောနေတာလဲ? အစ်ကိုကြီး ဘာမှမဖြစ်နိုင်ပါဘူး"

ပြောသာပြောရတာ ကိုဘခင်က အစာမဝင်တာ တစ်ပတ်လောက်ရှိသွားပြီ။

ဆေးတွေနဲ့ပဲ အသက်ဆက်နေရတယ်။ ဆေးဖိုးဆိုတာလည်းကုန်လိုက်တာ။ ကျုပ်ကတော့

မနှမြော ပါဘူး။ သူဘာမှမဖြစ်ရင်ပဲ ကျေနပ်ပါတယ်။ အဲဒီညကသူနဲ့ ကျုပ်နဲ့စကားပြောရတာ နောက်ဆုံးည ဖြစ်လိမ်.မယ်လို့ကြိုသိ ခဲ့ရင် ကျုပ်လေ အဲဒီည အိပ်မှာမဟုတ်ပါဘူး။

မနက်လင်းတော့ ကိုဘခင်ကို သွားကြည့်လိုက်တော့ အသက်မရှိတော့ဘူး။

ဘယ်အချိန်ထဲကသူ အသက်မရှိတယ်ဆိုတာတော့ ကျုပ်လည်းမသိလိုက်ပါဘူး။

ကိုဘခင်ဆုံးတော့ ကျုပ်လည်း နှစထပ်ကွမ်း မုဆိုးမ ဖြစ်တော့တာပေါ့။ ကိုဘခင်ဆုံးတော့ ကျုပ်အသက်က ၆၄ ၊ ၆၅ပေါ့။

ကိုဘခင်မသေခင်ကတည်းက အမွေတွေအားလုံးသူ့မြေး သိန်းဇော်နာမည်လွဲထားခဲ့ပြီးသား။ စာချုပ်ထဲမှာက ကျုပ်မသေမချင်းဒီမှာနေနိုင်တယ်။ ခြံထဲကသီးပင်တွေ ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ လက်ဝတ်လက်စားတွေကတော့ ကျုပ်ဘာပဲသုံးသုံးသုံးခွင့်ရှိတယ် ကျုပ်သဘောပဲ။ အိမ်နဲ့ခြံကတော့ ကျုပ်သေရင်တော့ သူ့မြေးရမှာ။ကျုပ်အသက်ရှိ နေတုန်းသူ့မြေးအနေနဲ့ ဘာမှလုပ်ခွင့်မရှိဘူး။ ချွင်းချက် အနေနဲ့ကကျုပ်သဘောတူရင်တော့ လုပ်လို့ရတယ်။ ကျုပ်လည်း အဲဒီစာချုပ် ကိုသဘောတူလို့ လက်မှတ်ထိုးပေးခဲ့တယ်။ ကျုပ်မှာက သားသမီးနောက်ခံမရှိ ဆွေမရှိ မျိုးမရှိမဟုတ်လား။ ကျုပ်အတွက်လည်းဘာမှ မလိုအပ်ဘူးလေ။နေစရာရှိရင် ရပြီ။

ကိုဘခင်ဆုံးပြီး တစ်လကျော်ကျော်ကြာတော့ သူ့မြေးအငယ်ကောင်က ကျုပ်ကိုဘာမှ မထောက်ပံ့ကြတော့ဘူး။အဲဒီတော့ ကျုပ်ကဆိုင်လေးပြန်ဖွင့်တာပေါ့။ ဆိုင်ဖွင့်ပြီး တစ်ပတ်လောက်ကြာတိုယ့် ကိုဘခင် မြေးအငယ်ကောင် တို့လင်မယားယောက် လာ

ကြတယ်။


"အမေကြီးစော နေကောင်းလား? ဆိုင်ပြန်ရောင်းနေတာလား"

"နေကောင်းပါတယ် "

"ဆိုင်ကကောင်လေးတွေကို ဆန်တို့ဆီတို့ပို့ခိုင်းနေတာပဲ ဘာဖြစ်လို့ဆိုင်ပြန်ဖွင့်ရတာလဲ အမေကြီးစောရယ်"

"ဟင် မင်းတို့မသိဘူးလား မင်းဆိုင်ကကောင်လေးတွေ မလာတာကြာပေါ့ ဒါကြောင့် ငါဈေးပြန်ရောင်း ရတာ"

"ဟာ ဟုတ်လား ကျွန်တော်မသိဘူး ကျွန်တော်တို့ လင်မယားကအလုပ်ရှုပ်တော့ သူတို့နဲ့ပဲလွဲထား လိုက်တာ တောက်…ဒီကောင်တွေကွာ"

"အေးပါ မင်းမသိလို့ဖြစ်မယ်လို့ထင်တော့ထင်သား"

"အဖေကြီးကို ပေးထားတဲ့ ဂတိမတည်သလိုဖြစ်နေပြီ။ အေးမြ ညည်းကရောမသိဘူးလား"

သူ့မိန်းမက

"ကျမ မသိလို့ပေါ့ သိရင်ဘယ် ဒီလိုဖြစ်ပါ့မလဲ ကိုသိန်းဇော်ရယ် ဒီလိုလုပ်ပါလား အမေကြီးစောကို ကျမတို့နဲ့ အတူလာနေခိုင်းလိုက်ပါလား?တော်ကြာ တမလွန်က အဖေကြီး သူ့မိန်းမကို ဂရုမစိုက် ဘူးဆိုပြီး စိတ်မ ဖြောင့်ပဲနေအုန်းမယ် ကျမတို့ကလဲ ဆိုင်နဲ့ဆိုတော့ နေ့တိုင်းလာ

ဖြစ်မှာမဟုတ်ဘူး ။ မကောင်းဘူးလား ကိုသိန်းဇော်"

"အင်း ကောင်းတယ် ကောင်းတယ် အမေကြီးစော ကျွန်တော်တို့နဲ့ လိုက်နေပါနော်။ "

ဆိုပြီး ကျုပ်ကိုမေးတယ်။ သူတို့လင်မယား နှစ်ယောက် အပြောချိုချိုနဲ့ ပြောနေကြတော့ ကျုပ်လည်းအဟုတ်မှတ်လို့ လိုက်နေလိုက်တယ်။ သူတို့ဆီရောက်တော့ ဆိုင်ကအလုပ်သမားလေးတွေရော သူတော့လင်မယားကပါ ဂရုစိုက်လိုက်ကြတာကို

ဟိုလူကလဲ "အမေကြီစော ဒီလူကလဲ အမေကြီးစော"နဲ့

တစ်နေ့တော့ အေးမြက ကျုပ်လက်ဝတ် လက်စားတွေကို လာငှါးတယ်။ အလှူသွားချင်လို့တဲ့။ ကျုပ်လည်း ကြည်ကြည်ဖြူဖြူနဲ့ပဲ ငှါးပေးလိုက်တယ် အဲဒီအချိန်ကတည်းကပြန်မလာတော့တာပဲ။ နှစ်လကျော်တဲ့အထိ ပြန်မလာတော့ ကျုပ်လဲ


"သိန်းဇော်ရေ မင်းမိန်းမ အေးမြက ဘယ်ရွာက အလှူသွားလို့ ဒီလောက်တောင်ကြာနေရတာလဲ? ငါ့အထင် နှစ်လကျော်ပြီထင်တယ်"

"ဟုတ်တယ် အမေကြီးစောရေ ကျွန်တော်က အမေကြီးစော စိတ်ဆင်းရဲမှာစိုးလို့ အဲဒီကောင်မအကြောင်းမပြောပြတာ"

" ဘာဖြစ်လို့လဲ"

"အဲဒီကောင်မ နောက်လင်နောက် လိုက်သွားတာ အမေကြီးစော ရေ"

" ဟင် ဒါဆို ငါ့လက်ဝတ်လက်စားလေးတွေ ပြန်မရတော့ဘူးပေါ့ သူငါ့ဆီကနေ အလှူသွားချင်လို့ဆိုပြီးငှါးသွားတာ"

"ဟာ အမေကြီးစောရယ် ဘာလို့ငှါးလိုက်တာလဲ သူ့မှာလဲရှိရက်သားနဲ့ အဲဒါ သူလိုချင်လို့။ ပြီးတော့ ကျွန်တော်တို့ ငွေတွေရော၊

လက်ဝတ်လက်စားတွေရော အကုန်ယူသွားတာ ဗျ"

"မိုက်လုံးကြီးလိုက်တာကွယ်"

"အခုကျွန်တော် မှာအကြွေးရှင်တွည်ဝိုင်းနေပြီ။ သူတို့ကမဆပ်ရင် ရဲတိုင်တောမယ်.့ တဲ.။ ကျွန်တော် တော့ ထောင်ကျတော့မယ်ထင်တယ်။ အကြွေး

ဆပ်မဲ့ပိုက်ဆံတွေ ကောင်မက အကုန်လုံး မ သွားတာ "

"ဟင် ဒါဆိုဘယ်လိုလုပ်မလဲ?"

"အဲဒီ အမေကြီးစောကို အကူအညီတောင်း ချင်လို့"

"ဟဲ့ ငါကဘာကူညီနိုင်မှာလဲ ? ငါ့ ဟာတွေလည်း နင့်မိန်းမ ယူသွားလို့ကုန်ပြီလေ

ငါ့မှာဘာပိုက်ဆံမ မရှိတော့ဘူး။

ဒါနဲ့နင့်အကြွေးကဘယ်လောက်တုန်း"

"သိန်း ၃၀"

"အမလေး ဘုရား ဘုရားဘယ်လိုလုပ်မလဲ"

"ဟို အဖေကြီးအမွေပေးခဲ့တဲ့ ခြံနဲ့အိမ်နဲ့ရောင်းလိုက်ရင် သိန်း ၃၀ တော့ကျော်မှာပဲ။ အဲဒါအမေကြီးစောက သဘောတူမှရောင်းလို့ရမှာ။

ကျွန်တော့ကို ကူညီပါအုန်း။ အမေကြီးစော မှမကယ်ရင် ကျွန်တော် ထောင်ကျမှာ"

"အေးပါကွယ် ငါလက်မှတ်ထိုးပေးပါမယ် ။ ငါ့အတွက်ကနေစရာရှိရင်ရပါတယ်"

ဒီလိုနဲ့ပဲ ကိုဘခင်ရဲ့ ခြံနဲ့အိမ်ကို ရောင်းလိုက်တယ်။ သိန်း ၃၂ သိန်း ရတယ်။ ကျုပ်ကို လှူချင်တာလှူရအောင်ဆိုပြီး ၃ သောင်းလာပေးတယ်။ ရောင်းပြီးတဲ့ညမှာ ပဲ ကျုပ်တရေးနိုးအပေါ့အပါးသွားချင်လို့ အိမ်သာသွားတော့ စကား'ပြောသံတွေကြားတာနဲ့ သွားကြည့်လိုက်တော့ သိန်းဇော် တို့အခန်းက။ ခါတိုင်းဆို သိန်းဇော်က တစ်ယောက်ထဲအိပ်တာ ။ ဒီညကြမှ ထူးဆန်းလို့သွားနာ့းထောင်ကြည့်လိုက်တော့မှ အကြောင်းစုံ သိရတယ်။

သူတို့ လင်မယားက ကျုပ်ရဲ့ပစ္စည်း တွေလိုချင်လို့ လက်ဝါးခြင်း ရိုက်ပြီး မိန်းမကို ရှောင်ခိုင်ထားတာ။ ပြီးတော့ဘာအကြွေးမှလဲ မရှိဘူး။

ကျုပ်ကလဲ အယုံလွယ်တာကို။ သူတို့ကလည်း စကားကိုချိုချိုနဲ့ဆိုတော့ ယုံမိတာပေါ့။ မနက်မိုးလင်းအောင်မနည်းစောင့်လိုက်ရတယ်။ အိပ်လို့လည်းမရတော့ပါဘူး။ ကျုပ်ကံကိုက ဆိုးလွန်းပါတယ်။ကျုပ်လည်းမနက်မိုးလင်းတော့ သူတော့နိုးအောင် မစောင့်တော့ဘဲ ထွက်လာခဲ့တယ်။

ကိုယ်သေရင် ပစ္စည်း ဆိုတာဘာမှ ယူလို့ရမှာမဟုတ်ဘူး။
အဲဒီတော့ ကိုယ့်နောက်ပါတာလုပ်ရ မယ်ဆိုတယ် အသိတရားတွေရလာတယ်။ သူတို့ကိုလည်း

မုဒိတာပွါးနေလိုက်တယ် ။ ကိုယ်လုပ်တာ ကိုယ်ခံရမှာပဲလေ။ ကျုပ်လည်း အရင်ဘဝ ဝဋ်ကြွေးတွေပါလာလို့ ဒီဘဝမှာဒီလို အဖြစ်အပျက်တွေ နဲ့ကြုံရတာလေ။ ဒီဝဋ်ကြွေး တွေကိုဒီဘဝမှာပဲ အကြေဆပ်မယ်။ ပြီးတော့နောက်ဘဝအတွက် ပြင်ဆင်ရမယ်လို့ တွေးမိလာတယ်။ ဒါနဲ့ ပါလာတဲ့ ချယ်နားကပ် လေးကိုရောင်း ပြီး မယ်သီလရင် ကျောင်း ၁ ကျောင်းကိုသွားပြီး လှူလိုက် ပြီးတော ကျုပ်လဲ သိလရင် ဝတ်လိုက်တယ်။

နောက်ဘဝမှာ ဒီလိုမျိုးတွေမကြုံ၇အောင်လို့ပြင်ဆင်ရမယ်။

ကျုပ်ရဲ့ ဘွဲ့ က "စန္ဒိမာလာ "တဲ့..........။

ခင်မင်စွာဖြင့်

အညာမှ

ခရေညို

16 comments:

နွေးနေခြည် said...

ဖတ်လို့ကောင်းတယ် အမရေ
ဗဟုသုတလည်းရပါတယ်။
နောက်လည်း ဒါမျိုးလေးတွေရေးပါဦးနော်

ရွှေရတုမှတ်တမ်း said...

ဝတ္တုရှည်လေးဖန်တီးရရင် ..ကောင်းမှာပဲ
ဇတ်သိမ်းလဲဒီအတိုင်းကောင်းတယ်..

မေလေး said...

လူသဘောသဘာဝပေါ်လွင်အောင်
ရေးထားတာ ကောင်းလိုက်တာ မခရေညိုရေ။

မေဇင် said...

လူ့ပါတ်ဝန်းကျင်မှာ အများကြီးပဲနော် ဒီလိုမျိုးတွေ... ရေးထားတာလေး ဖတ်လို့ကောင်းတယ်...နောက်လဲ အားပေးနေပါ့မယ်။

moemoestar said...

အရေးအသားကောင်းတယ်နော်
အားပေးနေပါတယ်...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ခရေညိုရေ..

မစောတင် ဇတ်သိမ်းပိုင်းကို စောင့်နေတာ။ အခုတော့ ဖတ်ရပြီ။

သိန်းဇော် နဲ့ အေးမြ အကြောင်းလေးတွေနဲ့ လူ့သဘာဝ စရိုက်ကို အပြည့်အ၀ ခံစားမိအောင် ရေးဖွဲ့ထားလို့ ရသတွေ ပြည့်ပြည့်၀၀ ခံစားမိရပါတယ် ခရေညိုရေ...
စန္ဒိမာလာ တဖြစ်လဲ မစောတင် ဘ၀..အေးချမ်းရာ ဘ၀ကို ရောက်အောင် စွဲဆောင်မှု အပြည့်နဲ့ ရေးဖွဲ့ထားလို့ ဂရုဏာရသကို ခံစားမိရပါတယ်ဗျာ..
.........................

ခရေညို ရေ... ပြောအုံးမယ်.. ရေးထားတဲ့ စာလေးတွေကို Justify လုပ်ပေးထားရင် ဖတ်ရတာ ပိုပြီး ကောင်းမယ်။ ညီညီညာညာလေး ဖြစ်နေမယ်.. အဖြတ်အတောက်လေးတွေ စနစ်တကျ ဖြစ်နေမယ်ဆိုရင်လေ... အတိုင်းထက်အလွန် ပြောစရာမရှိအောင်ကို ဖတ်ရတာ မျက်စိထဲမှာ ရှင်းပြီး ညီညီညာညာလေး ဖြစ်နေမှာလို့..အကြံပြုပါရစေ ဗျာ... ကျနော့်ရဲ့ အရင်ပို့စ်တွေတုန်းကလဲ အခုလိုပဲ ဖြစ်နေတာ.. ကိုရင်နော်ခင်လေးငယ် နဲ့ မောင်မိုး တို့ကို အကူအညီတောင်းပြီး ပြင်ထားတာ..... အညာသား ရှာရှည်တယ်လဲ မထင်နဲ့နော်...
.............
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး

သိင်္ဂါကျော် said...

ဝတ္တုလေး ဖတ်လို့ ကောင်းတယ်...

thawzin said...

ဒါမှမဟုတ် လုပ်ပြီးသွားဝယ်မလား အသိရွှေဆိုင်တွေရှိပါတယ်
အစ်မကြီး အဲဒီမှာ အမှားထက်တွေ့တာပဲ
ဟီးဟီး.. အမှားရှာဖတ်နေတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ရှာတာမဟုတ်ဘူး ကျွန်တော်တွေ့တာနော်။ ဇတ်သိမ်းလေးကောင်းပါတယ်။ လူတိုင်းအဲလိုဖြစ်သွားရမယ့် ဇတ်သိမ်းလေးဆို ကောင်းမှာပဲ။ အခုတော့ သေခါနီးဘုရားတမယ့်သူတွေ များနေတယ်။
လုပ်ပြီးသား သွားဝယ်မလား

ကိုလူထွေး said...

ဒီအသိတရားတွေ ရအောင်လုပ်ပေးလို့ ဒင်းတို့ကိုတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ...

သူတို့ကတော့ လောဘ ဒေါသ မောဟတွေ မိုးမွှန်ပြီး ရုန်းကြကန်ကြရအုံးမှာပေါ့...

ဇာတ်လမ်းလေးက ဖတ်လို့ကောင်းလိုက်တာ ခရေငြို ရယ်...

းဝ)

~ဏီလင်းညို~ said...

စာရေးကောင်းတယ်ဗျာ...။
မစောတင်ကြီးကိုတောင်...မျက်စိထဲမြင်လာမိတယ်...။
ဖတ်ခွင့်ရတာ..ကျေးဇူးပါဗျ....

မြတ်နိုး said...

ဒီအသိတရားတွေ ရအောင်လုပ်ပေးလို့ ဒင်းတို့ကိုတောင် ကျေးဇူးတင်ရမလို ဖြစ်နေပြီ...

သူတို့ကတော့ လောဘ ဒေါသ မောဟတွေ မိုးမွှန်ပြီး ရုန်းကြကန်ကြရအုံးမှာပေါ့...

ဇာတ်လမ်းလေးက ဖတ်လို့ကောင်းလိုက်တာ ခရေငြို ရယ်...
copy from ko lu htwe.
I cannot type MM font.

:)

Thanks for this story.

Myanmar Good Knowledg Co., Ltd said...

ခရေညိုရေ။ ဇတ်လမ်းလည်းကောင်းတယ်။ အရေးအသားလည်း ကောင်းတယ်။ သဘာဝကျတဲ့ ဇတ်လမ်းလေးတပုဒ်ပဲနော်။ အခုလိုဝတ္တုကောင်းလေးကို ဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ဒဏ္ဍာရီ said...

ပထမဆုံးလာရောက်ခဲ့ခြင်းပါ။ ညီမရဲ့ စာအရေးအသားက ဇတ်ကောင်ကို မျက်စိထဲမျာ မြင်ယောင်လာမိတယ်နော်။ စာအရေးအသားကောင်းသလို ဇတ်အိမ်လေးကလည်း သေသပ်ပါတယ်။ နောက်ဆုံးတော့ ဒို့တွေ မသေခင်မှာ ကိုယ့်နောက်ပါမယ့် အလုပ်လေးကို လုပ်ရမယ်ဆိုတဲ့ အသိလေး ပေးသွားတာပဲ။

တခုလောက် အကြံပေးချင်ပါတယ်။ အပေါ်က ကိုမျိုးပြောသွားသလို ညီမလေးရဲ့ စာလေးတွေကို ပြင်လိုက်ရင် အရမ်းကို သေသပ်ပြီး တန်ဘိုးရှိတဲ့ စာလေးတွေကို မြင်တွေ့မယ်ထင်ပါတယ်။

ခင်မင်လေးစားလျှက်

ဖြူတုတ်လေး said...

သူ့အတွက် စိတ်မကောင်းလိုက်တာနော်။ အဲဒီလင်မယားလို ကောက်ကျစ်တဲ့သူတွေကို သိပ်မုန်းတာပဲ။

သီဟသစ် said...

မခရေညိုရေ

ဝတ္ထူလေးက ဖတ်ရတာကောင်းလိုက်တာ
သင်ခန်းစာယူစရာပေါ့ဗျာ

ဇာတ်လမ်းကို နည်းနည်းချဲ့ပြီး ဝတ္ထူရှည်ရေးရင် ပိုကောင်းမယ်ထင်သဗျ

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

တရားရစရာပါပဲဗျာ..... အေးပေါ့လေ... သူတို့ဘက်က ကြည့်ပြန်တော့လဲ .... အင်း... ခက်တော့ ခက်သားဗျနော်... ကံကိုပဲ ပုံချလိုက်ပါတယ်ဗျာ..။