Tuesday, September 29, 2009

စီးပွါးရှာကြသည်ဆိုရာဝယ်

ဲသူငယ်ချင်းတို့ကို မကျေနပ် ဝမ်းနည်းတာလေးတစ်ခုပြောပြအုန်းမယ် ။
သိလား ?(ဘယ်သိမှာလဲနော် ပြောမှမပြောရသေးတာ) လွန်ခဲ့တဲ့ အပတ်စနေနေ့ကပေါ့ အိမ်ကလူကြီး Drawing ပုံတွေကို အရေးတကြီထုတ်ဖို့လိုအပ်လာတယ်။
ပုံမှန်ဆိုရင် ခရေညို့ ရုံးမှာဖြစ် သူ့ရုံးကဖြစ်ဖြစ် ထုတ်ခဲ့နိုင်တယ်။ ဒါပေမဲ့ အိမ်ကလူကြီး စနေနေ့မှ သတိရတာ အဲဒီတော့ အပြင်ကဆိုင်မှာထုတ် ဖို့စဉ်းစားရတာပေါ့။

အိမ်ကလူကြီးက ပုံတွေကို ကာလာနဲ့ A 3 ဆိုဒ်နဲ့လိုချင်တာလေ။ ဒါနဲ့ပထမဆုံး Clementi ကဆိုင်တွေမှာလိုက်မေးတော့ မရဘူးတယ် ခရေညိုတို့ ဆိုင်တိုင်းလိုလို လိုက်မေးတာပဲ။ အဲဒီဆိုင်တွေမှာက A 4 ဆိုဒ်နဲ့ အဖြူအမည်းပဲရတယ်တဲ့။ သူကလည်း အရေးတကြီး လိုအပ်နေတာ အဲဒီတော့ ပင်နီဆူလာ ကိုသွားဖို့စဉ်းစားကြတာပေါ့။ ပင်နီဆူလာ ရောက်တော့ မြန်မာဆိုင် တစ်ဆိုင်ကိုဝင်မေးကြတယ်။ အဲဒီဆိုင်မှာလဲ ကာလာနဲ့ ထုတ်လို့မရဘူး ဆိုဒ်ကလည်း သူလိုချင်တဲ့ ဆိုဒ်မရဘူးဆိုတာ နဲ့ A 4 ဆိုဒ်နဲ့ အဖြူအမည်း ပဲထုတ်ခဲ့ရတယ်။ အဲဒီဆိုင် မှာ စာရွက် ရေ ၁၉ ရွက် ထုတ်ခဲ့တယ်၊ ဆိုင်ပိုင်ရှင်ကပြောတယ် ပထမ တစ်မျက်နှာကို $2 တဲ့ ဒုတိယ စာမျက်နှာကစပြီး $1ပဲယူမယ်တဲ့။ အဲဒါဆိုတော့ အားလုံးပေါင်း $20 ပေးခဲ့ရတယ်လေ။

ဒါနဲ့ပြန်ခဲ့တဲ့လမ်းမှာ ဈေးကြီးတယ်လို့ထင်ပြီး စလုံးဆိုင်ကို ဝင်မေးကြည့်တော့ ပထမ တစ်မျက်နှာကို $1 တဲ့ ဒုတိယ စာမျက်နှာကစပြီး 50cents ပဲယူမယ်တဲ့။
ကိုယ်ကတော့ မျိုးချစ်စိတ်အပြည့်နဲ့ ကိုယ့်လူမျိုးဆိုင်မှာဝင်ပြီး အားပေးတာ.... မရိတ်လောက်ပါဘူး ဈေးမှန်မှာပါလေလို့ ထင်ပြီး အားပေးခဲ့တာ...............။
တကယ်ဆို အဲဒီမြန်မာဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ လူမျိုးခြားဆိုင်တစ်ဆိုင်ရှိတယ်။
အဲဒီလူမျို:ခြားဆိုင်ကိုဝင် တောင်မမေးဘူး။

အဲဒီမြန်မာဆိုင်က အင်တာနက် လည်းသုံးလို့ရတယ် သူ့ဆိုင်က ပင်နီဆူလာ ၃ထပ်က စက်လှေကားနားကဆိုင်ပါ ( ဆိုင်နာမည် တော့မပြောပြတော့ဘူးနော်) စိတ်ထဲမှာကိုတစ်မျိုးကြီးပဲ ပိုက်ဆံ၂၀ ကိုနှမြောလို့မဟုတ်ပါဘူး ။ ကိုယ်ချင်းစာစိတ်မရှိလို့ စိတ်တိုဝမ်းနဲတာပါ။
တကယ်ဆို ခရေညို တို့လည်း ဒီမှာစီးပွါးလာရှာတာပဲလေ (လူတိုင်းဒီမှာအလုပ်လုပ်နေတာကစီးပွါးရှာနေကြတာပဲ) စီးပွါးရှာသူ အချင်းချင်း ကိုယ်ချင်းစာစိတ်ကလေးတော့ရှိအုန်းမှပေါ့နော်။

ဘယ်သူက မှ သူများနိုင်ငံမှာ ဘယ်လာနေချင်ပါ့မလဲ?
အခြေအနေအရ စီးပွါးလာရှာကြတာလေ။ ရိုင်းရိုင်းပြောရရင် သူများနိုင်ငံ မှာကျွန်ခံနေကြရတာ ...( စကားပြောကြမ်းသွားရင် ခွင့်လွတ်ပါလို့အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်)နောက်တော့ခရေညို စဉ်းစားလိုက်တယ် ကိုယ်စိတ်တိုနေရင် ကိုယ်ပဲ ခံစားရမှာ .....ဒါနဲ့စိတ်တိုတာကိုရပ်ပြီး မုဒိတာပဲပွါးနေလိုက်တယ်။ ( အမှန်တော့စိတ်တိုမပြေသေးလို့ဒီစာကိုရေးဖြစ်တယ်ဆိုတာဝံခံပါရစေ..)

စီးပွါးရှာသူအချင်းချင်းကိုယ်ချင်းစာနိုင်ကြပါစေ။


ခင်မင်စွာဖြင့်
အညာမှ
ှခရေညို

Sunday, September 27, 2009

အဖြေ

ဟဲလို အားလုံး မင်္ဂလာပါရှင်
အခုလိုကြွရောက်အားပေးကြတဲ့ ပရိတ်သက် အပေါင်းနှင့်တကွ လာရောက်အဖြေပေးကြတဲ့ သူငယ်ချင်းအပေါင်းတို့အား ကျေးဇူးအထူးတင်ကြောင်းဦးစွာပထမ ပြောကြားလိုပါတယ်ရှင်။
အဖြေမှန်သူ တစ်ဦးမှမရှိတဲ့ အတွက် ဘယ်သူ့ကိုမှပေးဖို့မလိုအပ်တော့ဘူးပေါ့နော်..........
( ဟဲ ဟဲ ပိုက်ပိုက် ကုန်တော့ဘူး) ။


ဟုတ်ကဲ့ အခုကျမအဖြေမှန်ကိုပြောပါတော့မယ်ရှင်............
"အနုပညာသမားဆိုတာဘာလဲ" ဆိုတဲ့မေးခွန်းကို ဖြေရရင်တော့
အဟမ်း အဟမ်း ...............
(စကားပြောခြင်းကို ခဏရပ်ပြီး ပရိတ်သက် အားကြည့်သည်)
အဖြေကတော့ " လူ " ဖြစ်ပါတယ်ရှင်။

ဟင်း
ဟာ
ဒါလေးများ
(ပရိတ်သက် အသံများ)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Thursday, September 24, 2009

ဖြေကြည့် ပဟေဠိ

သူများတွေ ပဟေဠိ မေးတာကို အားကျပြီး ကျမလည်း မေးအုန်းမယ်။
မေးခွန်းက တော့လွယ်လွယ် လေးပါပဲ။
အားလုံးဖြေနိုင်ကြမယ်လို့ထင်ပါတယ်။
မေးခွန်းက.................
"အနုပညာသမားဆိုတာဘာလဲ?"

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

ကြားဖြတ်သတင်း

ကြားရတဲ့သတင်းလေးတစ်ခုပြောပြချင်တယ်။ အခုမြန်မာနိုင်ငံမှာ ငါးထောင် တန်တွေထုပ် တော့မယ်တဲ့။ အောက်တိုဘာ ၁ ရက်နေ့မှစပြီးသုံးလို့ရပြီတဲ့။ ငွေစက္ကူက ဆင်ဖြူ ရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားမှာတဲ့။ (မြန်မာ့ရုပ်မြင် သံကြားက ကြေငြာသွားတာ)

အဲဒါ ကောင်းလားဟင်? မသိလို့အဖြေလေး ပေးကြပါအုန်း။
ဤသတင်း ပြောပြပေးတဲ့ သူငယ်ချင်း သီရီကိုကျေးဇူးတင်ပါတယ်


ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Tuesday, September 22, 2009

သူငယ်ချင်း

ကျမ (၉) တန်:နှစ်က သူငယ်ချင်းလိုရော မောင်နှမလိုပါ ချစ်ရတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရှိခဲ့တယ်။ ကျမရဲ့ သူငယ်ချင်းမိန်း ကလေးတွေက သူ့သူငယ်ချင်းဖြစ်ခဲ့သလို သူ့သူငယ်ချင်းကောင်လေးတွေကလည်း ကျမသူငယ်ချင်: တွေဖြစ်ခဲ့တယ်။သူနဲ့က ငယ်သူငယ်ချင်းတွေတော့ မဟုတ်ပါဘူး။ သူ ၉တန်:နှစ် ကမှ ကျမတို.
နယ်မြို့လေးကို သူ့မိဘတွေ တာဝန်နဲ့ပြောင်းလာကြတာ။ အဲဒီမှာပဲကျမတို့ သူငယ်ချင်းတွေ စဖြစ်ခဲ့ကျတာ။ ကျမတို့ အိမ်နဲ့ သူတို့အိမ်က အိမ်ချင်းကပ်ဆိုတော့ ပိုပြီး ရင်းနှီးသွားတာပေါ့...။

သူကစာတော်သလို အားကစားတို့ တခြားဗဟုသုတ ဘက်မှာလည်: ခေသူတစ်ယောက် မဟုတ်ခဲ့ပါဘူး...။ ပြီးတော့ သူရဲ့ အကျင့်က သူစာကျက်ရင်ပဲဖြစ်ဖြစ် စာရေးရင်ပဲ ဖြစ်ဖြစ် သီချင်းနားထောင်လေ့ရှိတယ်။ ကျမ ကတော့စာကျက်ရင် အားရပါးရအော် ကျက်မှစာရတာ။ စိတ်ထဲကကျက်ရင် အာရုံတွေက စုလို့မရဘူး.....။ သူကတော့ အဲလိုမဟုတ်ဘူး ဘယ်လိုပဲကျက်ကျက်ရ တယ်လို့ သူကျမကိုပြောခဲ့ဘူးတယ်။ ဒါပေမဲ့ သူစာအော်ကျက်တာ တစ်ခါမှမမြင်ဖူးဘူး။ ကျမလေ သူကိုအရမ်း အားကျတာပဲ သူ့လိုလဲ အဖက်ဖက်ကတော်ချင်နေခဲ့တယ်။ ဒါပေမဲ့ ကျမကသူ့လို မတော်ခဲ့ပါဘူး..............။

ကျမကစာကျက်ရမှာ ပြင်းတိုင်းသူက ကျမကို စာကျက်ဖို့ အမြဲတမ်းတိုက်တွန်းခဲ့တယ်။ သူကကျမအတွက် တကယ်.ကိုသူငယ်ချင်း ကောင်းတစ်ယောက်ပါပဲ။
၉တန်: ပြီးလို့၁၀တန်:ရောက်တော့လည်:ဒီလို ကျမမရတဲ့စာတွေကိုရှင်းပြလိုက် စာကျက်ဖို့တိုက်တွန်းလိုက်နဲ့နေလာကျတာ ပထမ နှစ်ဝက်စာမေးပွဲပြီး သူ့မိဘတွေ နယ်ပြောင်းရမယ်ဆိုတာ စာကျလာတယ်လေ။ အဲဒီတုန်းက သူပြောတာတော့ ဗန်:မော်တဲ့။ ဒီလိုနဲ့သူဗန်:မော်ကိုပြောင်းသွားတယ်။ ဒါပေမဲ့ကျမတို့ အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ စာပေးစာယူပေါ့လေ ..................

သူ့စာထဲမှာသူ့ရည်:စားအကြောင်းပါသလို... ကျမစာထဲမှာလည်:အိမ်ကလူကြီ:အကြောင်းပါတာပေါ့။ နောက်တော့ ကျမကအိမ်ကလူကြီ:နဲ့လက်ထက်ပြီး သူတို့ဒေသကို ရောင်နောက်ဆံထုံးပါ လိုက်နေခဲ့ရတယ်။ ဒီလိုနည်:နဲ့ပဲ ကျမတို့သူငယ်ချင်းနှစ်ယောက် အဆက်အသွယ်ပြက်သွားခဲ့ကြတယ်။ ဒါပေမဲ့ ကျမ သူ့ကိုအမြဲသတိတရ ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ ကျမလည်: ကျွန်းနိုင်ငံ လေးကိုရောက်လာတယ်။ ကျမသူငယ်ချင်းလေးနဲ့ ၇ နှစ် ၈ နှစ်လောက်ကို အဆက်သွယ်ပြက်သွားခဲ့တယ်..................

၂၀၀၇ နိုဝင်ဘာမှာ ကျမတို့မိသားစု သားကြီး (စိုး) ကျောင်းပိတ်ရက်မှာ မလေးရှားကို အလည်သွားခဲ့ကြတယ်၊ Kuala Lumpur က မြန်မာ ရှော့ပင်းစင်တာ (ကိုတာတာရာ) လို့ထင်တာပဲ။ မှားရင်လည်:မှာနိုင်ပါတယ်။ အဲဒီမှာ မမျှော်လင့်ပဲ ကျမရဲ သူငယ်ချင်း ကိုတွေ့ခဲ့ပါတယ်။ ရုပ်ကတော့တော်တော်လေး ပြောင်းသွားတယ်.......
ကျမလေ အရမ်းကိုဝမ်းသာသွားတယ် ။ ဒီလိုနဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်။ သူ့ရည်းစားနဲ့ ကွဲသွားပြီး သူလည်:မလေးရှားမှာ အလုပ်လုပ်နေကြောင်း ကျမကိုလည်:အမြဲသတိရကြောင်း စုံနေအောင်ပဲ ပြောကြတာပေါ့။ သူ့အကြောင်းစုံ ကျမအကြောင်းစုံ ဖလှယ်ကြတာပေါ့။

ကျမတို့တတွေ မလေးရှားက အထင်ကရနေရာတွေကို အတူသွားလည်ခဲ့ကြတယ်။ ဟိုတယ်ကို လည်း ညကြီး မိုးချုပ်မှပြန်လာပြီး အနားယူကြတာ.... ဒါတောင် ကျမတို့က ဖုန်းထဲမှာ ရှေးဟောင်း နှောင်းဖြစ်တွေကိုပြောကြတုန်း။ ကြာတော့ အိမ်ကလူကြီး ကတောင် အမြင်ကပ်လာတင်ထင်တယ်။ (သူ့မျက်နှာကြည့်ပြီး ကိုယ့်အထင် နဲ့ကိုယ်ပြောတာ )
ဒါပေမဲ့ အိမ်ကလူကြီး ကျမကိုနားလည်မူ့ရှိပါတယ်...( ကြုံတုန်း ပြောပြတာနော်..)
ကျမတို့မိသားစုလည်: မလေးရှားမှာ ၄ ရက် သုံးည အိပ်ပြီးပြန်ခဲ့ကြတယ်။ ဒီရောက်တော့လည်း တစ်ပတ်ကိုတစ်ခါ လောက်ဖုန်ခေါ်ပြီး စကားပြောဖြစ်ကြတာ။

တစ်နေ့မှာ သူ့ရဲ့သူငယ်ချင်းတစ် ယောက်က ကျမကို ဖုန်းဆက်တယ်။ အဲဒီနေ့က ၂၀၀၈ ဂျွန်လ ၁၄ရက် အချိန်ကတော့ ည၁၀နာရီ နီးပြီ။ အဲဒီနေ့ကို ကျမဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ သူကားတိုက်ခံရလို့ဆုံးပြီတဲ့။ ဖြစ်ပုံက ကျမသူငယ်ချင်း နဲ့ သူ့သူငယ်ချင်း ( ကျမကိုဖုန်းဆက်ပြောသူ) တို့ လမ်:ဖြတ်ကူးကျတာ အရင်လူက လမ်းကူးအပြီး သူကပါ လွတ်မယ်ထင်ပြီး ကူးလိုက်တာအဲဒီမှာ ကားတိုက်ခံရတာတဲ့။ နေရာကတော့ ဟိုက်ဝေး လမ်းမကြီးမှာတဲ့။ ကျမအဲဒီ သတင်းကြား ကြားချင်းကျမမူးမေ့သည်အထိ ခံစားခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ကျမမှာ ကိုယ်ဝန်ကြီ:နဲ့လေ။
ကျမသူ့ အသုဘ ကိုသွားချင်ပေမဲ့သွား ခွင့်မကြုံ ခဲ့ပါဘူး။ မွေးကာ ကလဲ နီးပြီ ..........
(ဂျူလိုင် လ ဒုတိယ အပတ်မှာကျမရဲ့ ဒုတိယ သားလေး (ထက်) ကို မွေးဖွားခဲ့ပါတယ်)

ဖြူစင်သန့်ရှင်းတဲ့ အချစ်ဆိုတာ ဘယ်သောအခါမှ မေ့ပျောက်လို့ရ မှာမဟုတ်ပါဘူး။ ကျမ နဲ့သူ နဲ့ အဆက်အသွယ်ပြက် သွားကြတော့ လည်: သူ့အ ကြောင်းကို ကျမရင်ထဲ မှာ အမြဲတမ်း သတိတရရှိနေခဲ့ပါတယ်။ အခုလို ပြန်မဆုံနိုင်တဲ့ လမ်း ကိုသူသွားပြီတော့လည်: ကျမ ရင်ထဲမှာ တစ်သက်လုံးပဲ အမှတ်ရနေမှာပါ................။

သူ့နာမည်က ငြိမ်းချမ်းဝင်း တဲ့။
( 14.06.2008) တွင်ကွယ်လွန်သွားသော ချစ်သူငယ်ချင်း ကောင်းရာသုဂတိ လားပါစေ.........။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Monday, September 21, 2009

အသိပေးခြင်း

ကျမရုံးကကွန်းပြူတာကတော့ကျမကို တာ့တာလို့နှုတ်ဆက်သွားပြီ။
ကျမကတော့ နှုတ်မဆက်ချင်ဘူး။ ( နှုတ်မဆက်နဲ့ ငိုချင်တယ်) ။
အိုင်တီသမားကပြောတယ် hard disk ပျက်ဆီးသွားတာတဲ့။
( ကိုလူထွေး ဟောတဲ့ဗေဒင် သိပ်မှန်တာပဲ)

ကျမရဲ့ ကိုယ်ရေးကိုယ်တာတွေရော အလုပ်ထဲကဟာတွေရော ပြန်မရတော့ဘူး။ အလုပ်ကတော့ပြန်လုပ်ရင်ရပါတယ် အချိန်တော့ပေးရမှာပေါ့ ၂၀၀၉ တစ်နှစ်လုံးလုပ် ထားတာကို။တကယ်တမ်:တွေးကြည့်တော့ ကိုယ့်ရဲ့ ပေါ့ဆမူ့ပဲလေ သင်ခန်:စာတော့ရလိုက်တယ်။ နောက်ပြီး သူဌေးရဲ့ အပြစ်ပေါ့ ဘိုးတော်ဘုရား လက်ထက်က ကွန်ပြူတာကြီး လဲမှမပေ:တာကို။ ဘာပဲဖြစ်ဖြစ် အသစ် သုံးရတာပေါ့။ အဆိုးထဲကအကောင်းပေါ့။ နို့မို့ဆိုရင် အသစ်ရဖို့လမ်းမမြင်ရေးချမမြင်။ သူဌေး ကော်တရာကပ်စေးနှဲ။

ကျမက တော့ ဖြေတွေးတွေးပြီး နေလိုက်တယ် ( ကိုယ့်ကွန် မှမဟုတ်တာနော့ ) နောက်တစ်ခု နှမြောတာက ကျမရဲ့ အီးဘွတ်တွေ ။ လက်ရှိမှာ ကျမ အလုပ်တွေ အရမ်းရှုပ် နေပါတယ်။ ဒါကြောင့်မို့ အသစ်တင်နိုင်မယ် မထင်ပါဘူး။ ( ရမယ်ရှာတာ ဟီ ဟိ) ဒါကြောင့် လာလည်ကြတဲ့ သူငယ်ချင်းများကို အားနာပါတယ်နော်။ တောင်းလည်းတောင်းပန်ပါတယ်။ အလုပ်တွေပါ:သွား ရင်တော့တင်ပါ့မယ် လို့ ပြောလိုပါတယ်နော်။

ခင်မင်စွာဖြင့်
အညာမှ
ခရေညို

Thursday, September 17, 2009

ငိုချင်တယ်

ကျမရုံး ကွန်ပြူတာကအော်တို ပိတ်သွားတာ မနေ့က(17/09/09) ကနေ ဒီနေ့ (18/09/09) အထိပ။ဲ ပြန်ဖွင့်လို့ကိုမရဘူး။ အခုလေးတင်ပဲ (18/09/09 ......1.00pm)သူဌေးကွန်ပြူတာအသစ်ကိုတပ်ဆင်ပေးပါတယ်။ ဒါပေမဲ့ ၂၀၀၉ တစ်နှစ်လုံး လုပ်ထားတဲ့ ဟာတွေအကုန်လုံးပါသွားပြီ..............

ဟီဟီး တကယ်ကိုငိုချင်တယ် သိလား??????????????
အခုတော့ အိုင်တီ သမားကကျမရဲ့ ကွန်ပြူတာ အဟောင်းလေးပြင်နေလေရဲ့ ကျမရဲ့Deta တွေပြန်ရမရဆိုတာမသေခြာသေးဘူး ..................

အခုလက်တလောပြီး ပြီး သား အရေးကြီးတဲ့ဟာတွေကိုတော့ပြန်လုပ်နေရတယ်။ ဒါကြောင့် သူငယ်ချင်းအိမ်တွေကိုတောင် အလယ်မသွားနိုင်သေးဘူး။ အရမ်းကိုအလုပ်ရှုပ်နေလို့ ဘလောက်ကလေးကို ပြစ်ထားလိုက်ရတယ်။ အခုတော့ နည်းနည်းအားသွားပါပြီ။ ပြီးတော့မပြီးသေးပါဘူး။ ကျမကကွန်ပြူတာဘာဖြစ်တယ်ဆိုတာနားမလည်တော့ ဘာမှမလုပ်တတ်ဘူး( ကြုံတုန်းကြွားတာ )။

အခုတော့ ကျမရဲ့ ကွန်ပြူတာအဟောင်းလေး ပြန်ပြင်လို့ရပါစေလို့ ဆုတောင်းနေရတယ်။ မရလို့ကတော့ သေပြီဆရာ ။ ( စိုင်းစိုင်းခမ်းလှိုင် သီချင်းမဟုတ်ပါ)

ခင်မင်စွာဖြင့်
အညာမှ
ခရေညို